မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြေယာလျော်ကြေးငွေပေးအပ်

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး ဧရိယာတွင်ပါဝင်သည့်မြေ၊ အမရပူရမြို့နယ် မြို့ကွက်သစ် ဖော်ထုတ်ရေးတိုးချဲ့ဧရိယာမြေ၊ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအုပ်စု အေးရိပ်ငြိမ် သုသာန်မြေအဖြစ် သိမ်းဆည်းခဲ့သည့်မြေတို့အတွက်မူလပိုင်ရှင်များထံ မြေယာလျော်ကြေးငွေပေးအပ်ပွဲကို စက်တင်ဘာ ၄ ရက်မွန်းလွဲပိုင်းတွင် မန္တလေး မြို့တော်ခန်းမ၌ကျင်းပသည်။

မြေယာလျော်ကြေးငွေပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးကန်တော်ကြီး ဧရိယာအတွင်း ပါဝင်သွားသော ချမ်းမြသာစည်မြို့နယ် သံလျက်မော်တောင်ရပ်ကွက်ကွင်းအမှတ်(၄၀၅)၊ ဦးပိုင်(၈၆၊ ၈၇၊ ၈၈)မြေဧရိယာ သုည ဒသမ ၈၂၅၇ ဧကအတွက် ဒေါ်သန်းသန်းညွန့်(ပါ-၃)ဦးသို့ မြေယာလျော်ကြေး ၂၄၇ ဒသမ ၇၁ သိန်းကိုလည်းကောင်း၊ မြို့ကွက်သစ် ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့သို့ မြို့ကွက်သစ်တိုးချဲ့မြေအဖြစ် ခွင့်ပြုခဲ့သည့် ဧရိယာ အတွင်း ပါဝင်သွားသည့် အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာအုပ်စုကွင်း အမှတ်(၅၅၈-ဃ) ဦးပိုင်အမှတ်(၆၀-ဋ/၃) မြေဧရိယာ (၆ဒသမ ၁၆) ဧကအတွက် မူလ တောင်သူဦးစံငွေ(ပါ-၂)ဦးတို့အားလျော်ကြေးငွေကျပ် ၆၁၆ သိန်းကိုလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအုပ်စု ကွင်းအမှတ်(၄၆၉-က)အတွင်းရှိ  အေးရိပ်ငြိမ် သုသာန်မြေအဖြစ်သိမ်းဆည်းခဲ့သည့် ယာမြေ ၃၃ ဒသမ ၀၃ ဧကအတွက် ဦးကျော်ရွှေ(ပါ-၁၁)ဦးအား မြေယာလျော်ကြေးငွေကျပ် ၆၆၀ ဒသမ၆ သိန်းကို ပေးအပ်ရာ မူလတောင်သူများက လက်ခံရယူကြသည်။ အခမ်းအနားတွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက မူလတောင်သူ ၁၆ ဦးအတွက် မြေယာ လျော်ကြေးငွေကျပ် ၁၅၂၄၃၁၀၀၀ ကိုပေးအပ်ကြောင်းသိရသည်။

မောင်ပြည်သူ