ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မင်းတပ်နှင့် မတူပီမြို့တို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော်  စက်တင်ဘာ  ၅

ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ် (တောင်ပိုင်း)၌ ရောက်ရှိနေသည့်   ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့ က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ မင်းတပ်မြို့ ပြည်ထောင်စုအဆင့် ဧည့်ရိပ်သာတည်ဆောက်နေမှု၊ မင်းတပ် ကောလိပ်စာသင်ဆောင်ဆောက်လုပ်နေမှု၊ လည်မျိုချောင်းတံတားတည်ဆောက်နေမှု၊    မတူပီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သုံးထပ်ဆောင်ဆောက်လုပ်နေမှုနှင့် ၆၆ ကေဗွီဓာတ်အားခွဲရုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မတူပီမြို့ မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။ ဒုတိယသမ္မတသည် နံနက်ပိုင်းတွင်မင်းတပ်မြို့၌ ပြည်ထောင်စုအဆင့်ဧည့်ရိပ်သာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ် လမ်းဦးစီးဌာနမှူး ဦးဆန်းလွင်ကရှင်းလင်းပြသသည်။ အဆိုပါ ပြည်ထောင်စု အဆင့်ဧည့်ရိပ်သာသည် အလျား ပေ ၁၂၀၊အနံ ပေ ၅၀ ရှိပြီး  သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။       

ထို့နောက် ဒုတိယသမ္မတသည် မင်းတပ်ကောလိပ်ပေါင်းစုတည်ဆောက်ခြင်း လုပ်ငန်း ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ အဆောက်အဦဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးက မင်းတပ်မြို့နှင့် မတူပီမြို့တို့တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းအခြေအနေများ၊ မင်းတပ်ဝိဇ္ဇာသိပ္ပံကောလိပ်၊ ပညာရေး ကောလိပ်နှင့်အစိုးရနည်းပညာနှင့် သက်မွေးပညာသိပ္ပံတည်ဆောက်ခြင်းလုပ်ငန်းများ၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်နှင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့သည့်  လုပ်ငန်းများ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေခွဲဝေရရှိမှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် တည်ဆောက်မည့်အဆောက်အအုံများ၊ မင်းတပ်ကောလိပ်ပေါင်းစုအတွက် အမြဲတမ်း သုံးရေရရှိရေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်၊ ကျောင်းဝင်းပြင်ပ လျှပ်စစ်လုပ်ငန်း များနှင့် မင်းတပ်ကောလိပ်ပေါင်းစုတည် ဆောက်ခြင်းလုပ်ငန်း ၂၀၂၀-၂၀၂၁ အဆိုပြု ရန်ပုံငွေဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြ ချက်များနှင့်စပ်လျဉ်း၍ဒုတိယသမ္မတက ကောလိပ်ပေါင်းစုဝင်း အတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေထွက်မှ ရေသွယ်ယူဖြန့်ဝေခြင်းကို အချိန်မီ ဆောင်ရွက်သွားရေး၊ လမ်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ အစိုးရနည်းပညာနှင့် သက်မွေး ပညာသိပ္ပံ အတွင်း စာသင်ဆောင်ဆောက် လုပ်နိုင်ရေး၊ အဝင်လမ်းဖောက်လုပ်နိုင်ရန် ဦးစားပေးဆောင်ရွက်ရေးနှင့် ကောလိပ် ပေါင်းစုဝင်းအတွင်းရှိ တည်ဆောက်မှုများ နှင့်စပ်လျဉ်း၍ အများပြည်သူသိရှိနိုင်ရန်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် မင်းတပ်ကောလိပ်စာသင်ဆောင်ဆောက်လုပ်နေမှု အား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါစာသင်ဆောင်သည် အလျား ၂၀၈ ပေ၊ အနံ ၃၈ ပေ ရှိပြီး သံကူကွန်ကရစ်နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၆၃၂ ဒသမ ၃၂ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မတူပီမြို့နယ်ရှိ လည်မျို တံတားယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးထက်၊ ဦးဝီကောနှင့် အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းတို့က တည်ဆောက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါတံတားသည် မင်းတပ်-မတူပီလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ ၂၄၀၊ အကျယ်ပေ ၃၀ နှင့် ၆ လက်မရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစား ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒုတိယသမ္မတသည် မတူပီမြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံသို့ရောက်ရှိရာ အင်ဂျင်နီယာချုပ် ဦးစိုးမင်းထွန်းက ချင်းပြည်နယ် အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံအခြေအနေများ၊ တည်ဆောက်လျက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအခြေအနေများ၊ ချင်းပြည်နယ်အတွင်းဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် ရန် လျာထားသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် မတူပီမြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံအတွင်း ကြည့်ရှုစစ်ဆေးသည်။ အဆိုပါဓာတ်အားခွဲရုံဖွင့်လှစ်နိုင်ခဲ့သဖြင့်   မတူပီ မြို့သို့ မဟာဓာတ်အားလိုင်းစနစ်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၁ ရက်တွင် လျှပ်စစ် ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့မှုအပေါ် ဒေသခံ ပြည်သူများအနေဖြင့် ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် မတူပီမြို့ ဘုံတလာခန်းမ၌မတူပီမြို့ မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကာလအတွင်း မတူပီမြို့နယ်တွင် စေတနာ့ဝန်ထမ်း (Volunter) ထမ်းဆောင်ခဲ့သူများအား ထောက်ပံ့ငွေများပေးအပ်ပြီးဒုတိယဝန်ကြီး ဦးတင်မြင့်က မတူပီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။ယင်းနောက် ဒုတိယသမ္မတသည် မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိရာ အင်ဂျင်နီယာ ချုပ် ဦးကျော် မင်းအေးက အဆောက်အအုံဆိုင်ရာအချက်အလက်များ၊ ဆောက်လုပ် လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် ထပ်မံလိုအပ်သည့် ရန်ပုံငွေဆိုင်ရာများကို   ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ အဆောက်အအုံသည် အလျားပေ ၁၂၀၊ အနံ ၁၃၆ ပေ၊ အမြင့်ပေ ၄၀ ရှိပြီး သံကူကွန်ကရစ်သုံးထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။ ညနေပိုင်းတွင်    ဒုတိယ သမ္မတသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာ များအား မင်းတပ်မြို့လမ်းဦးစီးဌာနဧည့်ရိပ်သာ၌ တွေ့ဆုံကြောင်းသတင်းရရှိသည်။