သမားရိုးကျပဒေသာဗုံးတွေနေရာကိုအစားထိုးမယ့် မျိုးဆက်သစ်ပဒေသာဗုံးများ

အမေရိကန်လေတပ်က F-16 တိုက်လေယာဉ်ကနေ ဗုံးအမျိုးအစားအသစ် တစ်မျိုးစမ်းသပ်မှု တွေကို မကြာသေးမီကလုပ်ခဲ့ပါတယ်။ အဲဒီဗုံးအမျိုးအစားအသစ်ကတော့ သမားရိုးကျ ပဒေသာဗုံးတွေနေရာမှာ အစားထိုးမယ့် မျိုးဆက်သစ်ပဒေသာဗုံးတွေပါပဲ။ အဲဒီစမ်းသပ်မှု တွေကိုတော့ အမှတ်(၂၈)နဲ့ အမှတ်(၄၂၂) စမ်းသပ်အကဲဖြတ် တပ်ဆွယ်တွေက ဇူလိုင်လ အတွင်း နဗားဒါးစမ်းသပ်လေ့ကျင့်ကွင်းမှာ လုပ်တာဖြစ်တယ်လို့ ဝေဟင်တိုက်ခိုက်ရေး ကွပ်ကဲမှု ဌာနချုပ်ကပြောပါတယ်။ စမ်းသပ်တဲ့ ဗုံးအမျိုးအစားအသစ်ကတော့ BLU-136  မျိုးဆက်သစ် ဧရိယာတိုက်ခိုက်ရေးလက်နက်လို့ ခေါ်ပါတယ်။ အခုစမ်းသပ်မှုကနေရရှိတဲ့ အချက်အလက်တွေကိုကြည့်ပြီး ဒီဗုံးဟာ လေတပ်ကအသုံးပြုနေတဲ့ သမားရိုးကျ ပဒေသာ ဗုံးတွေရဲ့နေရာမှာ အစားထိုးနိုင်ခြင်းရှိ၊ မရှိကို တာဝန်ရှိသူတွေကဆုံးဖြတ်သွားမှာပါ။ အလေး ချိန်အားဖြင့် ပေါင် ၂၀၀၀ ရှိတဲ့ဒီဗုံးဟာ အပေါ့စားယာဉ်တွေ၊ အပေါ့စားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အဓိကရည်ရွယ် ထားတာဖြစ်ပေမယ့်လည်း သူ့ရဲ့ပုံစံကတော့ ဘန်ကာခွင်းဗုံးနဲ့  အလားသဏ္ဌာန်တူတဲ့အပြင် ပဲ့ထိန်းလမ်းညွှန်စနစ်နဲ့ တွဲဖက်ပစ်ခတ်နိုင်တာကြောင့် ပစ်မှတ် ကို တိကျစွာထိမှန်နိုင်စေပါတယ်။

တာဝန်ရှိသူတွေဟာ စမ်းသပ်မှုအတွက် သတ်မှတ်ပစ်မှတ်ရဲ့ပတ်ပတ်လည်မှာ ကွင်းသုံးကွင်း ဆွဲလိုက်ပြီး ကွင်းတစ်ကွင်းစီက အချင်းဝက်အားဖြင့် ၇၅ ပေ၊ ပေ ၁၅၀ နဲ့ ၂၂၅ ပေစီအသီးသီး ရှိပါတယ်။ စမ်းသပ်မှုပြီးတဲ့အချိန်မှာတော့ ဗုံးဆန်တွေဟာ ထိရောက်ပစ်မှတ် အလယ်ဗဟိုက နေ ၂၂၅ ပေကျော်တဲ့အထိကို လွင့်စဉ်ထိမှန်မှုတွေရှိတာတွေ့ရပါတယ်။ အချင်းဝက်ပေ  ၁၅၀  အတွင်းမှာတော့ အလွန်ပြင်းထန်တဲ့ ထိခိုက်မှုတွေရှိပါတယ်။ ပဒေသာဗုံးတွေဆိုတာက အလွန်ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဝေဟင်၊ မြေပြင်၊ ရေပြင်တစ်နေရာရာ ကနေ ပစ်ခတ်လိုက်တဲ့ ပင်မပဒေသာဗုံးဟာ သတ်မှတ်ပစ်မှတ်မရောက်ခင်မှာ ကွဲထွက်ပြီး အထဲကနေ ဗုံးဆန်လေးတွေ ထွက်လာပါတယ်။ထွက်လာတဲ့ဗုံးဆန်လေးတွေဟာလည်း အလိုအလျောက်ပေါက်ကွဲအောင်ဖန်တီးထားတဲ့အတွက် ပစ်မှတ်ကိုမရောက်ခင် သို့မဟုတ် ပစ်မှတ်ကိုထိမှန်ပြီးချိန်မှာပေါက်ကွဲသွားပါတယ်။ဒါပေမဲ့ အဲဒီလိုအလိုအလျောက်မပေါက်

ကွဲသော်လည်း အသက်ဝင်နေပြီး အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတွေအများအပြား ရှိတတ် ပါတယ်။ ဒါကြောင့် နိုင်ငံတကာက ပဒေသာဗုံးအသုံးပြုမှုကိုတားမြစ်ထားတာပါ။ ပဒေသာ ဗုံးထဲမှာပါတဲ့  ဗုံးဆန်တွေရဲ့အသက်ဝင်ပြီးမပေါက်ကွဲမှုနှုန်းက ၂၀ ရာခိုင်နှုန်းရှိလာတယ်လို့  The New York Times သတင်းစာက ၂၀၁၇ ခုနှစ်မှာဖော်ပြထားပါတယ်။ ပဒေသာဗုံး တစ်လုံးမှာ ဗုံးဆန်ထောင်ပေါင်းများစွာပါဝင်တဲ့အတွက် မပေါက်ကွဲတဲ့ ၂၀ ရာခိုင်နှုန်းဆိုတဲ့ ပမာဏက အလွန်များပြားပြီး အရပ်သားတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေအတွက် အလွန် အန္တရာယ်များလာ ပါတယ်။အမေရိကန်သမ္မတ ဂျော့ဒဗလျူဘု(ရှ်)လက်ထက်ကတည်းက   ၂၀၁၈ ခုနှစ်အရောက်မှာ ပဒေသာဗုံးရဲ့မပေါက်ကွဲမှုနှုန်း ၁ ရာခိုင်နှုန်းရှိတယ်ဆိုရင်ဒီဗုံးတွေကို အသုံးမပြုဖို့ တားမြစ်ခဲ့တာပါ။ ဒါပေမဲ့ အလားတူစွမ်းဆောင်ရည်မျိုးနဲ့ ရာနှုန်းပြည့် အောင်မြင်မှုရှိတဲ့ ဗုံးမျိုးတီထွင်နိုင်ဖို့ နည်းပညာအခက်အခဲရှိခဲ့တာဖြစ်ပြီး အခုမှသာ အလို အလျောက်မပေါက်ကွဲနိုင်တဲ့ ဗုံးဆန်တွေ ထည့်သွင်းပေးထားတဲ့အပြင် ပဲ့ထိန်းစနစ်နဲ့ပါ ချိတ်ဆက်လာနိုင်တဲ့ BLU-136 လို မျိုးဆက်သစ် ပဒေသာဗုံးတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။            

နွေဦး