တောင်ကိုရီးယား၌ တင်းကျပ်သောဥပဒေများကြောင့် ဗိုင်းရပ်ကူးစက်မှု သိသိသာသာ ကျဆင်းလာ

တောင်ကိုရီးယားနိုင်ငံ၌ လူစုလူဝေးမပြုလုပ်ရေး တင်းကျပ်သော ဥပဒေများကြောင့်    ဗိုင်းရပ်ကူးစက်မှု သိသိသာသာကျဆင်းလာကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက် ညသန်းခေါင်အထိ တစ်ရက်အတွင်း နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ ၁၆၈ ဦးရှိပြီး  ထိုပမာဏမှာ သီတင်းပတ်သုံးပတ်အတွင်း ဗိုင်းရပ်ကူးစက်မှုအနည်းဆုံးဖြစ်သည်။ တစ်နိုင်ငံ လုံး၌ ဗိုင်းရပ်ကူးစက်ခံရသူ ၂၁၀၁၀ နှင့် သေဆုံးသူ ၃၃၃ ဦးအထိမြင့်တက်လာကြောင်း ကိုရီးယား ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက စက်တင်ဘာ ၅ ရက်တွင်ပြောသည်။

သြဂုတ် ၁၅ ရက်တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှအဖွဲ့ဝင်များသည်  နိုင်ငံရေး စည်းရုံးလှုံ့ဆော်ပွဲတစ်ခုသို့တက်ပြီးနောက် ဗိုင်းရပ်ကူးစက်မှုကြီး ပြန်လည်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ထို့နောက် တစ်ရက်တည်းတွင်ဗိုင်းရပ်ကူးစက်ခံရသူ ၄၄၀ တွေ့ရှိသဖြင့် သြဂုတ် ၃၀ ရက်မှစ၍ လူစုလူဝေးမပြုလုပ်ရေး တင်းကျပ်သောဥပဒေကိုအသက်သွင်းပြီးနောက် သုံးရက် ကျော်အတွင်း နေ့စဉ်ဗိုင်းရပ်ကူးစက်မှု အရေအတွက်မှာ  ၂၀၀ အောက်သို့ရောက်ရှိ ခဲ့သည်။

တောင်ကိုရီးယားအစိုးရက ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ရေးအတွက်   ဗိုင်းရပ်ကူးစက်မှု အများဆုံးတွေ့ရှိသည့် ဆိုးမြို့အတွင်းရှိ စားသောက်ဆိုင်များကို ပိတ်ကာ ည ၉ နာရီ နောက်ပိုင်း အပြင်ထွက်ခြင်းကို တားမြစ်ပြီး ကော်ဖီဆိုင်များနှင့် မုန့်ဆိုင်များအနေဖြင့်  ပါဆယ် စနစ်နှင့် လိုက်လံပို့ဆောင်သည့် စနစ်ကို အသုံးပြုစေသည်။ အဆိုပါဥပဒေကို စက်တင်ဘာ ၁၃ ရက်အထိ သက်တမ်းတိုးမည်ဖြစ်ပြီး ဗိုင်းရပ်ကူးစက်မှုအရေအတွက် သိသိသာသာ ကျဆင်းအောင် အချိန်များစွာယူရမည်ဖြစ်ကြောင်း အစိုးရကပြောသည်။

Ref: The Straits Times