မွမ်ဘိုင်း၊ ကျန်းမာရေးအိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ လေးသန်းကျော်အထိ မြင့်တက်လာ

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၅ ရက်တွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ စုစုပေါင်း လေးသန်းကျော် အထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၅ ရက် တစ်ရက်တည်းမှာပင် ဗိုင်းရပ်ကူးစက်ခံရသူ ၈၆၄၃၂ ဦးရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း လေးသန်းကျော်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မဟာရက်ရှထရာ ပြည်နယ်နှင့် ကာနာတာကာပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း၌ ဗိုင်းရပ် ကူးစက်မှုမှာ မြင့်တက်လာသည်။ ယခင်က ဗိုင်းရပ်ကူးစက်ခံရသူ တစ်သန်းရှိပြီး ရက်ပေါင်း ၁၀၀ ကြာမှ သာ ကူးစက်ခံရသူ သုံးသန်းအထိမြင့်တက်လာခြင်းဖြစ်သည်။ ယခုမူ ၁၃ ရက်အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ   လေးသန်းကျော်အထိ တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်သည်။ အိန္ဒိယအစိုးရက နိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာစေရန်  လုပ်ငန်းများပြန်လည် လုပ်ကိုင်ခွင့် ပေးလိုက်ချိန်တွင် ယခုကဲ့သို့ ဗိုင်းရပ်ကူးစက်မှု မြင့်တက်လာခြင်းလည်း ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် ဗိုင်းရပ်ကူးစက်မှုနှုန်း အများဆုံး နိုင်ငံအဖြစ် တစ်လ နီးပါးအထိ မှတ်တမ်းတင်ခြင်းခံထားရသည်။ နိုင်ငံအတွင်း၌ ဗိုင်းရပ်ကူးစက်မှုကြောင့် စက်တင်ဘာ  ၅ ရက်တွင်  သေဆုံးသူအယောက် ၁၀၀၀ ရှိသည့်အတွက် သေဆုံးသူစုစုပေါင်း ၇၀၅၁၉ အထိမြင့်တက်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Ref: The Straits Times