ပဲခူးရိုးမတောအထိသွား၍ ဝါးခုတ်ရောင်းချသူများ အကျိုးအမြတ်ရရှိမှုနည်းပါး

ပဲခူးရိုးမတောကြီးနှင့် ထိစပ်လျက်ရှိသော ရေတာရှည် မြို့နယ်အတွင်း ဆွာမင်းလမ်း၊ မြောက်လွှတ်ကုန်း၊ ရွှေသပြေကျေးရွာတို့ရှိ ဒေသခံအချို့သည် ဝေးလံသော ပဲခူးရိုးမ တောတွင်း အထိသွားရောက်၍ ဝါးများကိုခက်ခဲပင်ပန်းစွာ သွားရောက်ခုတ်ယူ ရောင်းချ သော်လည်း ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာ နည်းပါးလှကြောင်း သိရသည်။ “ကျွန်တော်တို့  ဝါးတောတက်ပြီဆိုရင် ၁၀ ရက်စာ ရိက္ခာကို ရွာဈေးဆိုင်ကနေ အကြွေး ဝယ်ပြီး ယူသွားရတယ်။ တောတွေမှာဝါးကြီးဝါးသန့်တွေက အတော့်ကိုရှားကုန်ပြီ။ လုပ်သား တစ်ဦးမှ တစ်ရက်ကိုအလုံး ၂၀ လောက်ပဲခုတ်နိုင်တာ။ သယ်ရတာက  တောင်ဆင်း တောင်တက်တွေဆိုတော့ ပခုံးတွေဆိုထမ်းရတာ အထိတောင်မခံနိုင်အောင်ပါဘဲ။ နှီးဖြာ တော့လည်း ခြင်တွေကတအားကိုက်တယ်။ ကျွန်တော်တို့ဆို ဘန့်ဘွေးပင်၊ ကျောက်တစ်လုံး၊ ဝါးရဲကြီး၊ ဝါးရဲလေးအထက်သိုင်းအထိသွားတယ်။ သိုင်းချောင်းအရောက်ကို တောတွင်းကနေ ၅ မိုင်၊ ၆ မိုင်လောက်ကို တောင်ဆင်းတောင်တက်လမ်းတွေအတိုင်း ဝါးလုံးကြီးရင် လေးလုံး၊ ဝါးလုံးသေးရင် ငါးလုံးကိုပုဆိုးကွင်းသိုင်းပြီးဆွဲရတော့ အရမ်းပင်ပန်းတယ်” ဟု ဆွာမင်းလမ်း ကျေးရွာနေ ဝါးခုတ်သူ ကိုဝင်းလှိုင်ကပြောသည်။

ဝါးခုတ်သူများအနေဖြင့် မိုးရာသီကာလတွင် သိုင်းချောင်းမှတစ်ဆင့် ဖောင်ဖွဲ့မျှောကြရပြီး အထက်သိုင်းဒေသမှ နံနက်စောစောမျှောသည့်အခါ ရေကောင်းလျှင် နေ့မွန်းလွဲပိုင်းအချိန်  ရောက်နိုင်သော်လည်း ရေနည်းသွားသည့်အခါ သောင်တင်နေပါက လူဖြင့် ဝါးဖောင်ကို ရှေ့မှ ဆွဲရသည့်အခါများတွင် လမ်းခရီးအခက်အခဲကြောင့် ရက်ကြာသည့်အခါ ပါလာသည့် စားရိက္ခာ ပြတ်သွားသည့်အခါ ချောင်းတစ်လျှောက်ယာတဲများမှ ထမင်းတောင်းစား ရသည် များလည်း ကြုံတွေ့လေ့ရှိကြောင်းသိရသည်။ သိုင်းချောင်းမှတစ်ဆင့် ဆွာချောင်းသို့ ဆက်လက်မျှောယူ၍ ရန်ကုန်-မန္တလေး ကားလမ်းဆွာချောင်း တံတားရောက်လျှင် ဝါး အရောင်းအဝယ်လုပ်သူများကို ဝါးတစ်လုံးလျှင်ငွေကျပ် ၂၅၀ ဖြင့်ရောင်းချကာ ဝါးဝယ်ယူ သူများက ဝါးတစ်လုံးလျှင်ငွေကျပ် ၅၀၀ဖြင့်  ဈေးကွက်သို့   ပြန်လည်ရောင်းချပြီး ပျော်ဘွယ်၊ မိတ္ထီလာ၊ မြစ်သား၊ မလှိုင်မြို့တို့သို့ ဝါးအလုံးလိုက်၊ ဝါးကပ်များပြုလုပ် တင်ပို့ရောင်းချ ကြခြင်းဖြစ်ကြောင်း သိရသည်။                    

ကိုလွင်(ဆွာ)