တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုအခြေအနေများအားကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၆
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုပြီး သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တ ကောဝိဒ အမှူးပြု၍ ဗုဒ္ဓဥယျာဉ်တော်အတွင်းသို့ ရောက်ရှိကြပြီး အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။ ထို့နောက် စေတီတော်ကြီးအတွင်း၌ မြတ်စွာဘုရားရှင်၏ ဗုဒ္ဓဝင်အကျဉ်းများကို စကျင်ကျောက်သားပေါ်တွင် ထုဆစ်ပုံဖော်ပူဇော်ထားရှိမှုများနှင့် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ကြည့်ရှုဖူးမြော်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများအား စေတီတော် ကြီး အတွင်း၊ အပြင် သာယာလှပမှုရှိစေရေး၊ ဘုရားဖူးလာ ဧည့်သည်များ မျက်စိပသာဒ ဖြစ်စေရေး စိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရာသီဥတုမရွေး စိတ်အေးချမ်းသာစွာဖြင့် ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်နိုင်ရန် မှန်များဖြင့် ကာရံထားသည့် ဘုရားဖူးနေရာကို စီစဉ် ဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် မှာကြားသည်။
    
ယင်းနောက် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးနှင့် ဆင်းတုတော်၊ ရုပ်ပွားတော်များ ထုဆစ်ရာတွင် လိုအပ်မည့်ကျောက်များထုတ်လုပ်၍ ကျောက်ဆစ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအား လိုက်လံကြည့်ရှုရာ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး)မှ မြန်မာမှုပညာရှင် ပါမောက္ခ ဦးဇော်သန်းထွဋ်နှင့် အဖွဲ့ဝင်များက ရှင်းလင်းပြသကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားပြီး ကျောက်ဆစ်လုပ်ငန်းဆောင်ရွက်နေသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ  ပါမောက္ခ ဦးဇော်သန်းထွဋ်က လက်ခံရယူသည်။
    
ထို့နောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက်(ဝစီပိတ်) ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ပဓာနကမကထပြု၍ တည်ဆောက်ပူဇော်လျက်ရှိသည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြသည်။ ဦးစွာ စေတီတော်မြတ်ကြီး ဓမ္မာရုံအတွင်း၌ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်နမူနာပုံစံငယ်၊ စေတီတော်မြတ်ကြီး အတွင်းတွင်ပူဇော်ထားရှိမည့် မေတ္တာဘုရားရှင် ထိုင်တော်မူ ဆင်းတုတော်၊ အထက်ပစ္စယံတွင် ပူဇော်ထားရှိမည့် အရိမေတ္တယျမြတ်စွာဘုရားရှင် ရပ်တော်မူဆင်းတုတော်တို့ကို ဆောင်ရွက်ထားရှိမှုများအား စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွှေထီးတော်ကို ရာသီဥတု ဒဏ် ခံနိုင်အောင် ထည့်သွင်းစဉ်းစားတွက်ချက်၍ ခိုင်ခံအောင် ဆောင်ရွက်ရန်လိုကြောင်း၊  ဗုဒ္ဓဥယျာဉ်တော်အတွင်း စေတီတော်ကြီးနှင့် အခြားသာသနိကအဆောက်အဦများ၊ တည်ဆောက်မှုအခြေအနေများကို မှတ်တမ်းပြုစုထားရှိရန် လိုကြောင်းဖြင့် မှာကြားသည်။ ယင်းနောက် ဓမ္မာရုံအတွင်း ခင်းကျင်းပြသထားသည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး ပုံစံငယ်နှင့် မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
    
ဆက်လက်ပြီး လုမ္ဗနီဥယျာဉ်၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူပုံ၊ ပÍ္စဝုဂ္ဂီငါးဦး တို့အား ဓမ္မစကြာတရားထူးဟောတော်မူပုံနှင့် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်အတွင်း ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပုံ စသည့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ တည်ဆောက်ပူဇော်နေမှုများနှင့် ကမ္မဝိသုဒ္ဓိခဏ္ဍသိမ်တော် တည်ဆောက်နေမှု အခြေ အနေများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဗုဒ္ဓဥယျာဉ်တော်အတွင်းသို့ လာရောက်ကြမည့် ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ အပန်းဖြေနိုင်ရန်၊ သဘာဝရှုခင်းများကို ခံစားနိုင်ရန်အတွက် ရှုခင်းသာ တည်ဆောက်နေသည့် အခြေအနေများနှင့်  ရှုခင်းသာ အတွင်း ကော်ဖီဆိုင်နှင့် စာကြည့်တိုက် ထည့်သွင်းဆောက်လုပ်နေသည့် အခြေအနေများ အား သွားရောက်ကြည့်ရှုကာ ဗုဒ္ဓဘာသာဆိုင်ရာ စာကောင်းပေမွန်များနှင့် ဗဟုသုတ စာအုပ်စာပေများကို ထားရှိနိုင်ရေး ဆရာတော်ဘုရားကြီးအား တင်ပြလျှောက်ထားသည်။
    
ယင်းနောက်   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား သုံးထပ်ကျောင်းဆောင်၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။ 
    
အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် (ဝစီပိတ်)ဆရာတော်ကြီး၏ သြဝါဒ ခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင် များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်း၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိ  မဟာ ဗောဓိစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်းတည်ထားကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၀၈ ပေရှိမည်ဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာန တို့ကို ဆက်လက်တည်ဆောက်ပူဇော်လျက်ရှိကြောင်း သတင်းရရှိသည်။