ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၆
    
COVID-19   ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ မဟာဝိသုတာရာမနတ်ရေတွင်းဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့နယ်၊ ဇလုတ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ရွှေတံခါးရပ်ကွက်၊ မြတ်သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    
ထို့အပြင် COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19   ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်း နှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက် ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Mask  များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။