ဆီနိုဖမ်းကုမ္ပဏီက ဝန်ထမ်းနှင့်မိသားစုဝင် ၉၀ ရာခိုင်နှုန်းကိုကာကွယ်ဆေးထိုးပေးထား

တရုတ်နိုင်ငံ၏ ဆီနိုဖမ်းဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီသည် နိုင်ငံ၏အရေးပေါ် ကာကွယ် ဆေးအသုံးပြုမှု အစီအစဉ်အရ ကုမ္ပဏီဝန်ထမ်းနှင့်မိသားစုဝင် ၉၀ ရာခိုင်နှုန်းခန့်ကို စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးများ ထိုးပေးထားကြောင်း ကုမ္ပဏီ၏ အမှုဆောင် အရာရှိက စက်တင်ဘာ ၆ ရက်တွင်ပြောသည်။ အဆိုပါအရေးပေါ် ကာကွယ်ဆေး အစီအစဉ် အရ အခြေခံအလုပ်သမားများကို ဗိုင်းရပ်ကူးစက်နိုင်မှုမှကာကွယ်ရေးမျှော်လင့်ချက်ဖြင့် စမ်းသပ်ဆဲ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ အစားအစာ ရောင်းချသည့် ဈေးများတွင်အလုပ်လုပ်သူများနှင့် ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများမှအပါအဝင် သတ်မှတ်ထားသည့်ကဏ္ဍများတွင် အလုပ်လုပ်နေသူများပါဝင်သည်။

ဆီနိုဖမ်းကုမ္ပဏီ၏ ကိုရိုနာဗက်ဗိုင်းရပ်ကာကွယ်ဆေးသည် နောက်ဆုံးအဆင့် လက်တွေ့ စမ်းသပ်မှုတွင် ရောက်ရှိနေသည့်အတွက် အရေးပေါ်အစီအစဉ်တွင်ပါဝင်ခြင်းဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် ဆန္ဒအလျောက်ပါဝင်သည့်ဝန်ထမ်းနှင့် ၎င်းင်းတို့၏မိသားစုဝင် ၂၀၀၀ မှ ၃၀၀၀ အထိကို ကာကွယ်ဆေး ထိုးပေးထားခြင်းဖြစ်ကြောင်း အမှုဆောင်အရာရှိ ယင်ဝေတုန်က ပြောသည်။ ထိုအစီအစဉ်မှရရှိသောအချက်အလက်များတွင် ကာကွယ်ဆေး၏ ဘေးကင်း စိတ်ချရမှု သက်သေပါဝင်နိုင်သော်လည်း  ယင်းအချက်သည် တရားဝင်ဆေးဝါးစမ်းသပ်မှု လုပ်ထုံးလုပ်နည်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်ကြောင်းသိရသည်။ ထို့ပြင် ဆေးဝါးစည်းမျဉ်း ထိန်းသိမ်းရေး တာဝန်ရှိသူများက ထိုကာကွယ်ဆေးကို ပြည်သူများ အသုံးပြုရန် သင့်တော်သော ဆေးအဖြစ်အတည်ပြုရေးဆုံးဖြတ်ရာတွင် အဆိုပါအချက်အလက်များကို အသုံးပြုမည် မဟုတ်ကြောင်း  ယင်ဝေတုန်က ဆက်ပြောထားသည်။ 

Ref: The Straits Times