ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာတစ်ဝိုက် အခြေပြုနေသော AA အကြမ်းဖက် သောင်းကျန်းသူများအား အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးပြုလုပ် ဖယ်ရှားမှုကြောင့် ကျေနပ်မှု မရှိ၍ တပ်ဌာနချုပ် ၁ ခုအား နှောင့်ယှက်ပစ်ခတ်

နေပြည်တော် ၊  စက်တင်ဘာ ၇

 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ AA အကြမ်းဖက် သောင်းကျန်းသူများသည် ရေစိုးချောင်းကျေးရွာအနီး အခြေပြု၍ ဆက်သွယ်ရေး လမ်းကြောင်းအား ပိတ်ဆို့ပြီး အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက  စက်တင်ဘာလ ၄ ရက်တွင်  တန်ပြန် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။   

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အထိနာမှုကို ကျေနပ်မှု မရှိ၍ ယနေ့ နေ့လယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ဝါးခုတ်ချောင်းကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ် ၁ ခုအား လက်နက်ကြီးဖြင့် အဝေးမှနေ၍ ၃ ကြိမ်တိုင်တိုင် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ တပ်ဌာနချုပ်ပြင်ပသို့သာ ကျရောက်ခဲ့ပြီး လူ၊ အဆောက်အဦ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း ကျူးလွန်လျက် ရှိသော အကြမ်းဖက်လုပ်ရပ်များ၏ ရည်ရွယ်ချက်များ အောင်မြင်မှုမရှိ၍ ယခုကဲ့သို့ တပ်ဌာနချုပ်များ၊ နယ်မြေခံရဲကင်းများ၊ လမ်းတံတားများအား နှောင့်ယှက် ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်းများပြုလုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက တန်ပြန် အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေး Counter Terrorism Operation ပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။