တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (Covid-19) ရောဂါ ကာက

နေပြည်တော်၊ စက်တင်ဘာ - ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များနှင့် မြို့မိမြို့ဖများအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံဧည့်ခန်းမဆောင်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်စန်တပ်နယ်၊ တပ်နယ် ခန်းမတို့၌ သီးခြားစီတွေ့ဆုံ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သက်ဆိုင်ရာမြို့နယ်များအတွက် (Covid-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း အထောက်အကူပြုပစ္စည်းများကို ပေးအပ်သည်။

အခမ်းအနားများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီး များ၊ တိုင်းမှူးများ၊ မြို့နယ်အလိုက်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ မတ်လမှစ၍ (Covid-19) ရောဂါစတင်ဖြစ်ပေါ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ဘဲ သြဂုတ်လအစောပိုင်းမှစ၍ ရောဂါဖြစ်ပွားမှုများ များပြားမြန်ဆန်လာသည်ကို တွေ့ရှိရပါ ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ရောဂါဓာတ်ခွဲအတည်ပြု လူနာ ၁၄၀၀ ကျော် ရှိပြီဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုအများဆုံး ဖြစ်ကာ ရှမ်းပြည်နယ်တွင် ဖြစ်ပွားမှုနှုန်းနည်းပါးသည်ဆိုသော်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထား လိုက်နာပြီး သတိထား၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုတွေ့ဆုံပွဲများတွင် (Covid-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ပြီး ပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ မနေ့က ညပိုင်းတွင် (Covid-19) ရောဂါနှင့် ပတ်သက်၍ ရှောင်ကျဉ်ရန် လိုအပ်သည်များနှင့် ဆောင်ရွက်ရန်များကို ကျိုင်းတုံမြို့အတွင်း အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည် ကိုကြားရပြီး တစ်ဦးချင်း အသိစိတ်ဖြင့် လိုက်နာခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း၊ Mask များတပ်ဆင်ရာတွင် လည်း မိမိအတွက် အမှန်တစ်ကယ် ထိရောက်စွာ ကာကွယ် မှုပေးနိုင်မည့် Mask များကို ရွေးချယ်တပ်ဆင်ကြစေလိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ကြ ရန်လိုအပ်မည်ဖြစ်ပြီး မဖြစ်မနေ ဆောင်ရွက်ရမည့်၊ သွားရောက်ရမည့် ကိစ္စရပ်များရှိပါက Social Distancing Rules များ အတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ရောဂါကာကွယ်ရေးအတွက် မိမိတို့တစ်ဦးချင်း၏ ကျန်းမာရေးကောင်းမွန်မှုသည် အဓိက အရေးကြီးသဖြင့် ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ကြရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် သက်ရှည်ကျန်းမာခြင်းကိုလိုလားကြပါကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်း သက်တမ်းသည် ၆၆ နှစ်သာရှိပြီး အိမ်နီးချင်းနိုင်ငံများထက် မျှော်မှန်းသက်တမ်း နည်းသည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးအရ အားနည်းချက်များရှိနေသည်ကို ရိုးရှင်းစွာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်ခံအားကောင်းမွန်စေရန် အာဟာရ ဖြစ်စေသည့် အသားငါးများကို စားသုံးကြရမည်ဖြစ်ကြောင်း၊ ကျိုင်းတုံနှင့် တာချီလိတ် ဒေသများသည် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံသည့်ဒေသများဖြစ်သဖြင့် စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းကြီးမြင့်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ငွေကြေးတတ်နိုင်သည့် သူများ အတွက် သိသာမည်မဟုတ်သော်လည်း သာမာန်လူတန်းစား များနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် အခက်အခဲ ရှိနိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန် ရေခံမြေခံကောင်းများရှိပြီး ဖြစ်သည့်အတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်၍ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို ကုန်ချော အဆင့်ထုတ်ကုန်များ ဖြစ်လာသည်အထိ အဆင့်မြှင့် တင် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ အသားစား ကြက်၊ အသားတိုးနွား၊ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း ကောင်းစွာ ဖြစ်ထွန်းသဖြင့် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ စားသောက်ကုန် ပစ္စည်းများကို အခြားဒေသများမှ ဝယ်ယူသုံးစွဲခြင်းထက် မိမိတို့ ဒေသတွင်းစိုက်ပျိုး၍ အရည်အသွေး ပြည့်၀ ကောင်းမွန် သည့် ထုတ်ကုန်များကို ထုတ်လုပ်သုံးစွဲခြင်းဖြင့် မိမိဒေသ ဖွံ့ဖြိုးမှုနှင့် ကြွယ်ဝမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် လည်း ပစ္စည်းချင်း တူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းကောင်း ရမည် ဟူသော စကားရပ် နှင့်ယှဉ်၍ ထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း။

မိမိဒေသ၏ ရေခံမြေခံကောင်းများကို အောင်မြင်စွာ အသုံးချလုပ်ကိုင်နိုင်ရန် အတွက် အသိ ပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးရမည်ဖြစ်ပြီး ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေပညာသင်ကြားရေးအပြင် ပတ်ဝန်းကျင်သင်ကြားရေး ကိုပါ သင်ကြားပေးရန်လိုအပ်ကြောင်း၊ ယခုနှစ် တက္ကသိုလ် ဝင်တန်း အောင်မြင်မှုတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် အနိမ့်ဆုံးဖြစ်သည့်အတွက် အားမလိုအားမရဖြစ်ရပါကြောင်း၊ မိမိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တာဝန်ထမ်းဆောင်စဉ်ကတည်းကပင် ပညာရေးကို အားပေးကြရန် တိုက်တွန်းပြောဆိုခဲ့သော်လည်း မျှော်မှန်းထားသည်အခြေအနေသို့ ရောက်ရှိ လာခြင်းမရှိသေးကြောင်း၊ ကျောင်းစတင်တက်ရောက်သည်မှ တက္ကသိုလ်ဝင်တန်းအထိ အသက်အရွယ်နှင့် ပတ်ဝန်းကျင်ကွာခြားမှုကြီးမားစွာ မရှိသော်လည်း တက္ကသိုလ်ပညာ သင်ကြားချိန်တွင် နိုင်ငံအနှံ့နယ်ပယ်ပေါင်းစုံမှ ရောက်ရှိလာသူများနှင့် အတူတကွ ပညာ သင်ကြားရ သည်ဖြစ်သည့်အတွက် စာပေပညာရပ်အပြင် အခြားအသိပညာဗဟုသုတ မျိုးစုံ ကို ရရှိစေမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှသာလျင် အသိပညာတိုးတက်မည်ဖြစ်ပြီး တက္ကသိုလ်ပညာသည် ဘဝရပ်တည်ချက်အတွက် အရေးပါသောကြောင့် မြို့မိ၊ မြို့ဖများ အနေဖြင့် မိမိဒေသတွင် နေထိုင်သည့် တိုင်းရင်းသားညီအစ်ကိုအားလုံး၏ ပညာရေး တိုးတက်မှုရှိစေရန် အလေးထားအားပေးတိုက်တွန်းကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး ထိုအထဲမှ ၅၀ ရာခိုင်နှုန်း သည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို တိုက်ရိုက်လုပ်ကိုင် ဆောင်ရွက်နေသူ များဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်းပြုနေရသည်ဖြစ်သည့် အတွက် ယခုထက် ပိုမို ကောင်းမွန်ပြီး ဝင်ငွေကောင်းသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မိမိတို့ နယ်မြေဒေသများအတွင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးလုပ်ငန်းများကို ယခုထက်ပိုမို တင်းကြပ်စွာဆောင်ရွက်စေလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ကျိုင်းတုံမြို့နယ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် ဘိန်းဖြူ ၃ ကီလိုဂရမ်၊ ဘိန်းစိမ်း ဒသမ ၇ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြား၊ အိုက်စ် ၁၃၇၆ ကီလိုဂရမ် စုစုပေါင်း မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄ ဒသမ ၄၇ ဘီလီယံကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း။

ကျိုင်းတုံမြို့သာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံလူထုတို့ ဝိုင်းဝန်း လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့တွင်း၌ ရှေးဟောင်းယဉ်ကျေးမှုလက်ရာ များပါဝင်သည့် အဆောက်အဦးများကို သီးသန့်သတ်မှတ်ပြီး ထိန်းသိမ်းထားရှိကာ နောင်အနာဂတ်တွင် သမိုင်းဝင်အဆောက်အဦများအဖြစ် ပြသနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားနေရာများ တွင် ခေတ်မီအဆောက်အဦးများ တည်ဆောက်ခြင်းကို အားပေးကာ ခေတ်မီသည့်မြို့ အဖြစ်သို့ ရောက်ရှိအောင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ယခင်က ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီးသည့် နောက်ပိုင်း တွင် ဘုရင်စနစ်အသုံးပြုခြင်း မရှိတော့ဘဲ နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှုများ၊ တိုင်းရင်းသား ရေး၊ ဘာသာရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများသည် ပါတီစုံ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အနှောင့်အယှက်အဟန့်အတား ဖြစ်စေပါကြောင်း၊ SSPP/SSA  အဖွဲ့အား ဝမ်ဟိုင်းဒေသတွင်သာခွင့်ပြုပေးထားကြောင်း၊ တပ်မတော်အနေ ဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏အခြေခံမူဖြစ်သည့်တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံး လျက်ရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုခြင်း တူညီမှုမရှိဘဲ မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ပထဝီရေမြေအနေအထားနှင့် ကိုက်ညီသည့်စနစ်ကိုသာ ကျင့်သုံးကြသည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့် အုပ်ချုပ်မှုစနစ်မျိုးကိုသာ ရွေးချယ်ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ မည်သို့သော အုပ်ချုပ်မှု စနစ်ကို ကျင့်သုံးသည်ဖြစ်စေ တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး တိုင်းပြည် ကောင်းရာ ကောင်းကျိုးအတွက် အတူတကွလက်တွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မကြာမီတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင်လည်း ဒေသအတွက်၊ နိုင်ငံ့အတွက်အကျိုးပြုမည့်သူများကို ရွေးချယ်၍ ဆန္ဒမဲပေးကြစေလိုကြောင်း၊ ပါတီမူဝါဒကို ကြည့်သကဲ့သို့ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များကို လည်းကြည့်ရမည် ဖြစ်ကြောင်း၊ ဖိအားဖြင့်မဲပေးစေခြင်းနှင့် ခြိမ်းခြောက်၍ မဲပေးစေခြင်းများမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအားလုံး တိုင်းပြည်၏ ကောင်းရာကောင်းကျိုးကို လက်တွဲဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ များဖြင့် ဆောင်ရွက်၍မရဘဲ အမှန်တစ်ကယ်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် သူများ ကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေအနေ ကောင်းများကို ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး အနာဂတ်ကို လူငယ် မျိုးဆက် သစ်များက ဆက်လက်လျှောက်လှမ်းကြရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြ သူများအားလုံး ကျန်းမာချမ်းသာပါစေကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ကျိုင်းတုံမြို့၊ နောင်တုံ ကန်ပတ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားဆွေးနွေး တင်ပြ ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးအကြံပြု ပြောကြားသည်။

ထို့နောက် ကျိုင်းတုံမြို့နှင့် နမ့်စန်မြို့အတွက်  (COVID-19)  ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများကို တစ်မြို့လျင် Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၃၀၀ စုံ၊N 95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊Sodium Hypo- chloride (15L)  ၆ ပုံး၊ Examination Glove  ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကို လည်းကောင်း၊ စားသောက်ဖွယ် ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ ကျိုင်းတုံမြို့၊ မြို့မိမြို့ဖများ ဖြစ်သည့် ဦးစိုင်းတစ်အောင်၊ ဦးဟောင်ခမ်းနှင့် ဦးဆမ်သန်းတို့နှင့် နမ့်စန်မြို့၊ မြို့မိမြို့ဖများ ဖြစ်သည့် ဦးစိုင်းလိတ်၊ ဦးခွန်ကျော်လှ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးအောင်စည် တို့က အသီးသီးလက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်းနှင့် လွိုင်လင်ခရိုင်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင့်ဇော်ဦးတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများအား  ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊  မြန်မာ နိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များနှင့် မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအပြီး တွင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံ မြို့ကျက်သရေ ဆောင် နောင်တုံရေကန်သို့ရောက်ရှိကြပြီး နောင်တုံကန်သာယာလှပရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းမှု များဖြင့် ဆောင်ရွက်လျက်ရှိသည့် ကန်ပတ်လမ်းအဆင့်မြှင့်တင်နေမှု၊ ကွန်ကရစ်လမ်း ခင်းခြင်းနှင့် ရေနုတ်မြောင်းပြုလုပ်နေမှုအခြေအနေများအား ကြည့်ရှုကြရာ ကျိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြ မှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များပြန်လည် ဆွေးနွေး ခဲ့ပြီး နောင်တုံကန်ပတ်လမ်း တစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။