တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NDAA (မိုင်းလား) အဖွဲ့မှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံ၍ Covid-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NDAA (မိုင်းလား) အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး NDAA(မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင် များ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တြိဂံဒေသတိုင်းစစ် ဌာနချုပ် နယ်မြေအတွင်း (COVID-19) ရောဂါနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်း ပေးရန်နှင့် လိုအပ်သည့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခင်ခရီးစဉ်တွင်လည်း မိုင်းလားနယ်မြေ အတွက် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် တပ်မတော်ဆေးကုသရေး အဖွဲ့များ မိုင်းလားဒေသသို့ စေလွှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ (COVID-19) ရောဂါသည် မှန်းဆ၍ မရဘဲ မမြင်ရ၊ မကြားရသည့်အတွက် တစ်ဦးချင်းအသိစိတ်ဖြင့် ဆင်ခြင် နေထိုင်ကြစေလို ကြောင်း၊ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ပြီဟုဆိုသော်လည်း ရောဂါ ဗီဇဖြစ်ပေါ်ပြောင်းလဲ လာမှု အခြေအနေများအရ ရောဂါကာကွယ်နိုင်မှုကို အတိအကျ အာမခံ၍ ရမည် မဟုတ်ကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးပြီး စီးပွား ရေးကောင်းမွန်စေလိုပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် လျှပ်စစ် စွမ်းအင်လိုအပ်ချက်ကို ဒေသတွင်း၌ပင် ထုတ်ယူသုံးစွဲနိုင်မည့် အရင်းအမြစ်များရှိသော် လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို မိုင်းလားဒေသအတွင်း၌လည်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသ တွင် ရှိနေသည့် အရင်းအမြစ်များကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးကို အားပေးကြရမည် ဖြစ်ပြီး မိုင်းလားဒေသမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူ များကို ကျိုင်းတုံရှိ တက္ကသိုလ်များတွင် လာရောက်ပညာသင်ကြားစေလိုကြောင်း၊ မိမိတို့နိုင်င သည် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တစ်ဖွဲ့တည်းရပ်တည်ဆောင်ရွက် ၍ မရဘဲ အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊MNDAA ကိုးကန့်အဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာရပ်တည်လျက် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အရေးကိစ္စနှင့် ပတ်သက်၍တိုင်းရင်းသား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးတွင် ကိုယ်စားပြု ပါဝင်မှု ပိုမိုရရှိလာစေရေး အကြံပြုလျက်ရှိပြီး တိုင်းရင်းသားအရေးကို အလေးထား ဆောင်ရွက် လျက်ရှိကြောင်း၊ အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေး ပါတီများအားလုံး လက်တွဲ ဆောင်ရွက်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသအတွင်း အသိပညာရှင်၊ အတတ်ပညာ ရှင်များမွေးထုတ်၍ ဒေသကို ပြန်လည် အကျိုးပြုစေရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်စေလိုသည့် ဆန္ဒဖြင့် အကြံပြုပြောဆိုနေခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ အချိန်မရွေး လိုအပ်သည်များကို တိုင်းစစ်ဌာနချုပ်နှင့် ဆက်သွယ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တပ်မတော်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် NDAA (မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များက ပြန်လည် ပြောကြားရာ တွင် မိုင်းလားဒေသသို့ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း အထောက်အကူပြု ပစ္စည်းများပေးအပ်ပြီး ဆေးကုသရေးအဖွဲ့များ စေလွှတ်ဆောင်ရွက် ပေးကာ မိုင်းလားဒေသအား ကြည့်ရှုစောင့်ရှောက်ပေးသည့်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် (COVID-19) ရောဂါနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ မိုင်းလားဒေသအတွင်း ဒေသတွင်းရောဂါကူးစက်ခံရသူ တစ်ဦးတစ်ယောက်မျှ မရှိပါကြောင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ဆရာဝန်များ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက အမြဲမပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တပ်မတော်နှင့် အတူလက်တွဲ၍ မိမိတို့ဒေသ၌ နှစ်ပေါင်း ၃၀ ကျော်ကြာ ပဋိပက္ခများ မရှိအောင် ဆောင်ရွက် ခဲ့ကြောင်း၊ လက်တွေ့တွင်လည်း တပ်မတော်နှင့် နီးနီးကပ်ကပ် ဆက်သွယ်ဆက်ဆံ ဆောင်ရွက်၍ ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စရပ် များကို ဆောင်ရွက်နေရခြင်းဖြစ်ရာ နောင်တွင်လည်း တပ်မတော်က ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် NDAA (မိုင်းလား) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ် လျှောက်လှမ်းရန် အမြဲတစေဆန္ဒရှိပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NDAA (မိုင်းလား) အဖွဲ့အတွက် (COVID-19)  ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် Surgical Mask၂၀၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၃၀၀ စုံ၊N 95 Mask  ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (15L)  ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel  ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် စားသောက်ဖွယ် ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် မိုင်းလား ဆေးရုံအတွက် ခွဲစိတ်ခန်း သုံး ဆေးနှင့် ဆေးပစ္စည်း ၃ မျိုးတို့ကိုပေးအပ်လှူဒါန်းရာ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဒေသထွက်လက်ဆောင်များကို ပြန်လည် ပေးအပ်သည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက NDAA (မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။