တန့်ယန်းမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်းလုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ ရက်နံနက် ၁၁ နာရီခန့်တွင် တန့်ယန်းမြို့၏ အနောက်မြောက်ဘက် မီတာ ၂၃၀၀၀ ခန့်အကွာသို့အရောက်၌ နမ့်အွန်ကျေးရွာဘက်မှ မန်ပန်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၁ စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အားရပ်တန့်၍ ထွက်ပြေးသွား ခဲ့သည်။

အဆိုပါ ရပ်တန့်ထားခဲ့သည့် မော်တော်ဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ၁ ခွက်လျှင် ၁၀ ဂရမ်ခန့်စီပါ ဘိန်းဖြူဆပ်ပြာ ခွက် ၁၁ ခွက်၊ ၁၁၀ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆ သိန်းကျော်)ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အလားတူ သီပေါမြို့နယ်ရှိ သီပေါအိုရီယမ်တယ်တိုးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင် ရွက်စဉ် စက်တင်ဘာ ၆ ရက်နံနက် ၁၁ နာရီခွဲခန့်တွင် သီပေါမြို့ဘက်မှ ကျော်မဲမြို့ဘက်သို့ ချမ်းမြေ့ကိုကို အောင်(ဘ)ဦးမင်းအောင် မောင်းနှင်၍ ဇေယျာထွန်း(ဘ)ဦးချစ်သန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ချမ်းမြေ့ကိုကိုအောင် ထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀ သိန်း)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ များအား လားရှိုးမြို့မူးယစ်တပ်ဖွဲ့စုနှင့် သီပေါမြို့နယ်ရဲစခန်းများသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။