ရာသီဥတုဖောက်ပြန်မှု့ကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၇

တပ်မတော်အနေဖြင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရာသီဥတုဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မန္တလေး တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ထွန်းသာ ကျေးရွာစာသင်ကျောင်း၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ဆည် တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တပ်နယ်မှူးက သီးနှံများပျက်စီးခဲ့သည့်ကျေးရွာ ၁၀ ရွာမှ အိမ်ထောင်စု ၂၆၆၅ စု အတွက် ဆန် ၁၀၇၆ အိတ်၊ ဆီ ၁၈၉၆ ပိဿာ၊ ဆား ၁၆၅၉ ပိဿာနှင့် ပဲ ၉၈ အိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ရွာသူ၊ ရွာသားများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ထွန်းသာကျေးရွာရှိ တောင်သူများအတွက် ဆန်၊ဆီ၊ဆား၊ပဲများကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တောင်သူများထံပေးအပ်ပြီး ကျန်ကျေးရွာများရှိ တောင်သူများထံသို့ တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် ကျေးရွာများအရောက်ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။