COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊  စက်တင်ဘာ - ၇

Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၃ ဦး နှင့် ရွှေညောင်မြို့ တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၅ ဦးတို့ဖြစ်ပြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ ထပ်မံ ရောက်ရှိလာသူမရှိကြောင်း သိရှိရသည်။

စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၅ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantineစောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်း များကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေး ခဲ့သည်။

ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၄၁၂ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၇၃ ဦးနှင့် ရွှေညောင်မြို့ရှိ တည်ခိုးရေး စခန်း၌ ၂၈ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။