နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက် နေသူများနှင့်ဆွေးနွေး

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေကြသည့် We Love Yangon EC Member ဦးမောင် မောင်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချစ်ကိုဟန်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့နှင့်ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့လေယာဉ်ဖြင့်ပြန်လာသည့် ပြည်သူများ၏အမည်စာရင်းကို သတင်းစာထဲတွင် ထည့်သွင်းကြေညာပေးပြီးဖြစ်ကြောင်း။ ၎င်းတို့ကို  သက်ဆိုင်ရာဌာနများ သို့ ဆက်သွယ်အသိပေးရန် ပြောကြားထားသော်လည်း တစ်ဝက်ခန့်မှာ ယခုထိ မဆက်သွယ် ကြကြောင်း၊ မဆက်သွယ်သည့်အတွက် လိပ်စာများနှင့်ပါ  ထပ်မံထည့်သွင်း ကြေညာ သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်အတွင်း မိမိသဘောဆန္ဒအရ မဆက်သွယ်ဘဲ နောက်ပိုင်းမှ မိမိပါမှန်းသိပါက အရေးယူရမည်ဖြစ်ကြောင်း၊ အရေးယူရာတွင်လည်း ဒဏ်ပေးချင်သည့် စိတ်ဖြင့်မဟုတ်ဘဲ သတိပေးချင်သည့် စိတ်ဖြင့်ဖြစ်ကြောင်း၊ ယခုကဲ့သို့မဆောင်ရွက်ပါက  ရန်ကုန်ကဲ့သို့ နေရာမျိုးတွင် အမြန်ဆုံးပြန့်ပွားသွားနိုင်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးတွင် များစွာပြန့်ပွားနေကြောင်း၊ ရန်ကုန်ကို စီးပွားရေးမြို့တော် ဟုပြောလျှင် မမှားကြောင်း၊ သံတမန်အများစုနှင့် နိုင်ငံခြားအဖွဲ့အစည်းများသည်ရန်ကုန်တွင် ရုံးစိုက်ကြကြောင်း၊ ရန်ကုန်သည် များစွာအရေးကြီးပြီး လူဦးရေအလွန်များပြားကြောင်း၊ ရန်ကုန်ကို ယခု ကိုဗစ် စိန်ခေါ်မှုကြီးကနေ   မည်သည့်ပုံစံဖြင့် ကျော်လွှားထိန်းချုပ်နိုင်မည်ကို   ဝိုင်းဝန်းစဉ်းစားပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် We Love Yangon EC Member ဦးမောင်မောင်အေးက မိမိတို့ We Love Yangon တွင် Volunteer များစွာ ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွက်ရရှိသည့် အလှူငွေများကို လိုအပ်သည့်ပစ္စည်းများ ဝယ်ယူ ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ မျှဝေပေးခဲ့ကြောင်း၊ ယနေ့ Mask များဝေပေးခြင်း၊ ဈေးများတွင်အသိပညာပေးခြင်း၊ Lockdown နေရာများနှင့် ပတ်ဝန်းကျင် များကို ဆေးဖျန်းပေးခြင်းစသည့်လုပ်ငန်းများကို We Love Yangon အဖွဲ့က လုပ်ဆောင် ပေးနေကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချစ်ကိုဟန်က စစ်တွေမှပြန်လာသည့်ခရီးသည်များထဲမှ တစ်ဝက်ခန့် မဆက်သွယ်သေး သည်မှာ Quarantine ဝင်ရမည်ကိုကြောက်၍ ဖြစ်နိုင်ကြောင်း၊ လူဦးရေ ၄၅၀၀ကျော် သတင်းပို့ရန်လိုအပ်နေသေးကြောင်း၊ ၎င်းတို့ကို Quarantine သို့ချက်ချင်းပို့မည် မဟုတ်ဘဲ ၎င်းတို့၏ အိမ်တွင်နေထိုင်စေမည်ဖြစ်ကြောင်း၊ ၎င်းတို့ရောက်လာသည့် ရက်မှ ကူးစက်နိုင် သည့် ကာလ ၂၁ ရက်အတွင်းရှိနေသည့်သူများ သို့မဟုတ်  ၂၁ ရက် ကျော်သွားသည့်သူများ စသည့်အခြေအနေ အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့်စစ်ဆေးခြင်းများကို ဆောင်ရွက် မည်ဖြစ်ကြောင်း၊ စိုးရိမ်ပူပန်စရာမလိုကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးညီထွန်းက စက်တင်ဘာ ၂ ရက်မှစ၍ နေပြည်တော် ဂိတ် ၁၂ ဂိတ်ကို စိစစ်ကြပ်မတ်ခဲ့ကြောင်း၊ အမြန်လမ်းနှင့် လမ်းဟောင်းတချို့နေရာများတွင် ကားပေါ်မှဆင်းပြီး ဆိုင်ကယ်လမ်းများနှင့် ကျေးရွာချင်းဆက်လမ်းမှတစ်ဆင့် နေပြည်တော် သို့ ဝင်ရောက်ခြင်းများရှိသည်ကို ကြားသိနေရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပြီး နောက်ထပ် ၁၈ နေရာကို ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းချုပ်ခဲ့ရကြောင်း၊ ဂိတ်များတွင် တရားဝင်စစ်ဆေးသော်လည်း နည်းမျိုးစုံဖြင့် မလွယ်ပေါက်များမှ ဝင်ရောက် ခြင်းများရှိကြောင်း။

ကုန်စည်စီးဆင်းမှုအနေဖြင့် ယခုအချိန်တွင် ပုံမှန်ဖြစ်ကြောင်း၊ နေပြည်တော်သို့ ဝင်ရောက် သည့် ကုန်စည်များနှင့်ပတ်သက်၍ ကုန်တင်ကားဂိတ်အချင်းချင်းဆက်သွယ်ပြီး မြို့ဝင်ဂိတ် မရောက်မီ ယာဉ်မောင်းလဲကြောင်း၊ ယာဉ်မောင်းလဲလှယ်ပြီးမှ မြို့တွင်းသို့ ဝင်ရောက်ပြီး ကုန်တင်၊ ကုန်ချပြုလုပ်ကြောင်း၊ နေပြည်တော်ရှိ ပြည်သူများကို တရားဝင်ဂိတ်ပေါက်များမှ ဝင်ရောက်ပေးကြရန်နှင့် တရားဝင်ဆေးစစ်ခံကြရန် မေတ္တာရပ်ခံကြောင်း ဆွေးနွေး တင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လာရောက်သူအားလုံးသည် ရန်ကုန်အခြေစိုက် နေထိုင်သူများ မဟုတ်ကြောင်းကို သတိပြုရန်လိုကြောင်း၊ ရန်ကုန်မှပြန်လာသူများမှာ ရခိုင်ပြည်နယ်မှ တစ်ဆင့် ရန်ကုန်၊ ရန်ကုန်မှတစ်ဆင့် တခြားနေရာများသို့ ပြန်လာသူများလည်း ဖြစ်နိုင် ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုစိန်ခေါ်မှုကြီးနှစ်ခုကို တစ်ပြိုင်တည်းရင်ဆိုင်နေရကြောင်း၊ ပထမတစ်ခုမှာ ကိုဗစ်ရောဂါ အောင်အောင်မြင်မြင် ထိန်းချုပ်ရေးနှင့် ဒုတိယတစ်ခုမှာ အထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေးဖြစ်ကြောင်း၊ ယင်းနှစ်ခုမှာ အချိန်ကာလကြောင့် ဆက်စပ်နေကြောင်း၊ နိုင်ငံတော်ကလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လည်းလုပ်အားအလှူဒါန၊ ငွေအင်အားဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဆိုပါက အစိုးရအတွက် တစ်တပ်တစ်အားပင်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန်က တိုင်းဒေသကြီးအစိုးရ အနေဖြင့်လည်း Quarantine ဝင်နေသူများ၏ အခြေခံလိုအပ်ချက်များရရှိနိုင်ရန် ရုန်းကန်နေရကြောင်း၊ ယင်းနေရာတွင် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ပစ္စည်းတင်သည့် trolly များမှာ သတ်မှတ်သည့်အထဲတွင်မပါဝင်ကြောင်း၊ မပါသည့်အတွက် အလှူခံရကြောင်း၊ ကိုယ်တိုင်လည်း စီမံခန့်ခွဲသကဲ့သို့ လိုအပ်သည့်ပစ္စည်းများကိုလည်း ဆက်သွယ် အလှူခံရ ခြင်းများလည်း လုပ်ရကြောင်း၊ တစ်ဦးနှင့်တစ်ဦးဆက်သွယ် စကားပြောသည့် icon စကား ပြောစက်များ၊ လူနာများနှင့် ဧည့်သည်များဆက်သွယ်ရန် အထိုင်ဖုန်းများမှာ မိမိတို့ သတ်မှတ်ချက်များတွင် မပါကြောင်း၊ Quarantine ဝင်ရောက်လာသူများထဲမှ တချို့နိုင်ငံခြား မှ ပြန်လာသူများတွင်မြန်မာနိုင်ငံတွင်သုံးသည့် Sim Card မပါသည့်အတွက် Sim Card များ ပေးရကြောင်း ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။