တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တပ်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် စွမ်းရည်သုံးရပ်အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေများအား စစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တပ်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် စွမ်းရည်သုံးရပ်အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေများအား စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၈
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများလိုက်ပါလျက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များ၏ တပ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုနှင့် စွမ်းရည်သုံးရပ်အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေ များအား စစ်ဆေးသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်အကောင်အထည်ဖော်ဆောင်နိုင်မှုအခြေအနေ များ၊  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သက်သာချောင်ချိရေးဆောင်ရွက် ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
    
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် အတွင်းရှိ တပ်တိုင်းရဲဘော်တိုင်း တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်ရေးကို ထိရောက်စွာဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှု မပြည့်ဝပါက တာဝန်ကိုကျေပွန် စွာ ထမ်းဆောင်နိုင်မည်မဟုတ်၍ တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန်လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ တပ်တိုင်း၊ ရဲဘော်တိုင်း ပျက်ကွက်မှုမရှိ လေ့ကျင့်မှုအပြည့်အဝရရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူ များက စီစဉ် ကြပ်မတ်ပေးရမည်ဖြစ်ပြီး အာဟာရပြည့်ဝစွာ နေထိုင်စားသောက်နိုင်ရေး အတွက်လည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း။
    
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ကြပ်ကြပ်မတ်မတ်ကိုင်တွယ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် RCSS/SSA  အဖွဲ့ကို လွယ်တိုင်းလျှံဒေသနှင့် မိုင်းပန်တောင်ခြမ်းဒေသ၊ SSPP/SSA  အဖွဲ့အား ဝမ်ဟိုင်း ဒေသတို့တွင်သာခွင့်ပြုပေးထားပြီး ကျန်နယ်မြေများတွင် ခွင့်ပြုပေးထားခြင်းမရှိကြောင်း၊ နယ်မြေကျော်လွန်လှုပ်ရှားမှုများကို ခွင့်ပြု၍မရကြောင်း၊  တပ်မတော် အနေဖြင့် NCA လမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လျက် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် လျက်ရှိကြောင်း။
    
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ယနေ့မှ စ၍ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးကာလ လှုပ်ရှားကြမည်ဖြစ်သဖြင့် မိမိတို့တပ်မတော်သားများအနေဖြင့် စည်းကမ်းစနစ်တကျရှိအောင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ အစိုးရအသစ်တစ်ရပ်ကို ရွေးချယ်ခြင်းဖြစ်သဖြင့် ပါတီမူဝါဒကိုကြည့်ရန်လိုအပ်မည်ဖြစ်သကဲ့သို့ ဝင်ရောက်အရွေး ချယ်ခံမည့် ကိုယ်စားလှယ်ကိုလည်း ကြည့်ရန်လိုကြောင်း၊ ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အစိုးရနှစ်ဆက်၏ တိုင်းပြည်အတွက် ကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှုများကို နှိုင်းယှဉ်ပြီး လူကောင်းများကို ရွေးချယ်နိုင်ရေး တိုက်တွန်းကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်နိုင်မည့်သူများကို မဲပေးကြရမည်ဖြစ်ပြီး မိမိဆန္ဒမဲပေးမည့် ကိုယ်စားလှယ်လောင်း၏ အခြေအနေကိုလည်း လေ့လာသုံးသပ်ကြ စေလိုကြောင်း။
    
မည်သည့်အဖွဲ့အစည်းဖြစ်စေ ဆင့်ကဲအုပ်ချုပ်မှုစနစ် Chain of Command မှန်ကန်ကောင်းမွန်မှသာလျင် တိုးတက်မည်ဖြစ်သဖြင့် လက်အောက်ကို မှန်ကန်သည့် ထိတွေ့မှုရှိရမည်ဖြစ်ကြောင်း၊ ကွပ်ကဲအုပ်ချုပ်သူအနေဖြင့် စေတနာဖြင့် အုပ်ချုပ်ရန် လိုအပ်ပြီး Active Motion ဖြစ်စေရေး၊ တက်တက် ကြွကြွ ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံ တတ်မှသာလျင် စစ်သားကောင်းဖြစ်မည်ဖြစ်သည့်အတွက် မိမိလက်အောက်ငယ်သား များအား စစ်သားကောင်းများ ဖြစ်စေရေးအတွက် နည်းမှန်လမ်းမှန်ဖြင့် ကွပ်ကဲအုပ်ချုပ် သင်ကြားပြသရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပညာအရည်အချင်းမြင့်မား ရေးအတွက် တပ်မတော်ပညာရေးကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အတန်းပညာများအလိုက် အတွေးအခေါ်များ ကွာခြားသွားမည်ဖြစ်သောကြောင့် ခေတ် မီတပ်မတော် Standard Army တည်ဆောက်ရာတွင် မိမိတို့ ရဲဘော်ရဲဘက်များ၏ Level  မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိမှသာလျင် တိုး တက်မှုရှိမည်ဖြစ်သည့်အတွက် မိမိ၏ စွမ်းဆောင်ရည်ကို အမြဲထိန်းသိမ်းကြရမည်ဖြစ် ကြောင်း၊ မိမိ၏ တပ်ဖွဲ့ဝင်များကို မိမိ၏ မိသားစုကဲ့သို့ နွေးထွေးချစ်ခင်စွာဖြင့်  စေတနာ ထား ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ပြီး အသိ၊ သတိတရားဖြင့် နေထိုင်ဆောင်ရွက်တတ်စေရေး နှင့် လူကောင်း၊ လူတော်များဖြစ်စေရေး နည်းမှန်လမ်းမှန်ဖြင့် ကွပ်ကဲကြရမည်ဖြစ်ကြောင်း ဖြင့် မှာကြားသည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ကြီး မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးတပ်ရင်းသို့သွားရောက်၍ COVID-19  ရောဂါ သံသယ လူနာထားရှိရန်နှင့်  အထူးကြပ်မတ်ကုသဆောင် Intensive Care Unit(ICU) ခန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် (ICU)ခန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်နေမှုများ ကိုလိုက်လံကြည့်ရှု စစ်ဆေးရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကိုကိုလွင်နှင့် ဆေးတပ်ရင်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်း နှီးနှီး အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
    
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် ယနေ့ နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ ဇနီးနှင့် တပ်နယ်အသီးသီး မှ အရာရှိကြီးများ၏ ဇနီးများအား ပင်လုံ(၁)ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ၍ ကမ္ဘာပေါ် ရှိနိုင်ငံတိုင်းတွင် တပ်မတော်ရှိကြပြီး စည်းကမ်းစနစ်တကျဖြင့် ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း တပ်မတော်သည် စည်းကမ်းစနစ်တကျဖြင့် ဖွဲ့စည်း ထားပြီး စည်းကမ်းနှင့် စနစ်ကျနမှုကို တွေ့မြင်ရမည်ဖြစ်ကာ တပ်မတော်၏ ကောင်းမြတ် သောအစဉ်အလာ ဂုဏ်သတင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားမိသားစုဝင် ပါရမီဖြည့်ဖက်တစ်ဦးအနေဖြင့် တပ်မတော်သား မိသားစုဝင်အားလုံး စည်းလုံးညီညွှတ်စွာဖြင့် နေထိုင်ကြရန် ပြောကြားလိုကြောင်း၊ တစ်စိတ်တည်းတစ်ဝမ်းတည်းဆိုသည့် စကားရပ်အတိုင်း မိမိတို့အားလုံးသည် ဦးတည်ချက် ခံယူချက်များတူညီရမည်ဖြစ်ပြီး ခံယူချက်အမျိုးမျိုးဖြစ်နေပါက စည်းလုံးညီညွှတ်မှု ရရှိ နိုင်မည်မဟုတ်ကြောင်း၊ တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်သကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင် လျက်ရှိသည့် ခင်ပွန်းသည်ကိုလည်း တန်ဖိုးထားကြရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး တူညီမှုများ မရှိနိုင်သော်လည်း မိမိတို့သည် တပ်မတော်သားမိသားစုဝင်များဖြစ်သည့် အတွက် မိမိတို့၏ မျိုးဆက်သစ်ကလေးငယ်များကို အသိပညာ၊ အတတ်ပညာနှင့် ပြည့် စုံသည့် ထူးချွန်သည့် ပညာတတ်များဖြစ်အောင် ပြုစုထိန်းသိမ်းပျိုးထောင်ကြရမည်ဖြစ် ကြောင်း၊ ထို့သို့ ဆောင်ရွက်ပေးနိုင်မှသာလျင် အနာဂတ်မျိုးဆက်သစ်များသည် နိုင်ငံ့ တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။
    
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီး က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။