မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ပျောက်ဆုံး၊ တစ်ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိ

မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ပျောက်ဆုံး၊ တစ်ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၈
    
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်သား ဇေယျာမျိုးနှင့် ရဲတပ်သား မြင့်သိန်း တို့နှစ်ဦးမှာ စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် ၎င်းတို့၏လစာငွေများအား မိသားစုထံသို့ ပေးပို့ရန်အတွက် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းများနှင့် အတူ ရွက်ညိုတောင်ကျေးရွာသို့ သွားရောက်စဉ်လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့ သည်။
    
အဆိုပါပျောက်ဆုံးရဲတပ်သားနှစ်ဦးအား ရှာဖွေခဲ့ရာ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်ဟောင်းနေရာ ရွှံ့နွံအတွင်းမှ ရဲတပ်သား ဇေယျာမျိုးအား လူမဆန်စွာ မျက်လုံးနှစ်လုံးဖောက်ထုတ်၊ ယာနားနောက် ပြတ်ရှဒဏ်ရာ၊ လည်ပင်း ၅ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲလက်သန်း ၁ လက်မခန့် ပြတ်ဒဏ်ရာ၊ ယာလက်မပြတ်ရှဒဏ်ရာ၊ လိင်အင်္ဂါအားဖြတ်ခံ ထားရသည့်ဒဏ်ရာ၊ ယာဖနောင့်မှ ခြေဖဝါးထိ ၄ လက်မခန့်ပြတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည့်ပုံစံဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ဆက်လက်၍ ရဲတပ်သားအားရက်စက်စွာသတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ကျန်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရှာဖေွတွေ့ရှိရေး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများဆောင်ရွက် လျက်ရှိကြောင်း ပဏာမစုံစမ်းချက်အရ AA နှင့် ARSA အကြမ်းဖက် လက်နက်ကိုင်အုပ်စုမှ အလစ်အငိုက်ချောင်းမြောင်းသတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။