ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသည့် စက်တပ်သမ္ဗန်များ၌ ခရီးသည်ဦးရေ လျှော့ချ တင်ဆောင်ရန် သတ်မှတ်ထား

ရန်ကုန်မြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် စက်တပ်သမ္ဗန်များ၌ ယခုကာလတွင် ခရီးသည် ဦးရေ လျှော့ချတင်ဆောင်ရန် သတ်မှတ်ထားကြောင်း ဒလမြို့နယ် တံလျှပ်ဆိပ် စက်တပ် ရေယာဉ်   ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။

“အရင်က ခရီးသည် ၁၀ ဦးတင်ဆောင်တယ်။ အခု COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလဖြစ်လို့ ခုနစ်ဦးပဲ တင်ဆောင်ခွင့်ပြုပါတယ်။ စီးမယ့်ခရီးသည်က Mask မတပ်ဆင်ဘဲ လာရင် စီးခွင့်မပေးဘူးဆိုပြီး အသိပေးကြေညာတာတွေလည်းရှိတယ်။ ဂိတ်မှူးတွေကနေ ကြပ်မတ် နေတာတွေလည်း ရှိပါတယ်။ အခုလို ဆောင်ရွက်တာက ပြည်သူအားလုံးရဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်”ဟု ၎င်းင်းကပြောသည်။

ဒလမြို့နယ်ဘက်၌ အခြေစိုက်ပြေးဆွဲနေသည့် စက်တပ်သမ္ဗန်ဂိတ်များမှာ သမ္မတ၊ ကမာအောင်၊ တံလျှပ်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်နှင့် ကျောင်းစု စသည်ဖြင့်ရှိပြီး ဂိတ်တစ်ဂိတ်၌ စက်တပ်သမ္ဗန်ပေါင်း ၄၀ ကျော်ဖြင့် ပြေးဆွဲလျက် ရှိသည်။ ဂိတ်တစ်ခုနှင့်တစ်ခု အသုံးပြုသောစက်တပ် သမ္ဗန်အရွယ်အစားမှာ အနည်းငယ် ကွာခြားမှုရှိသကဲ့သို့ အရွယ်အစားကြီးသည့် စက်တပ်သမ္ဗန်များကိုပင် ခရီးသည် ခုနစ်ဦးထက် ပိုမိုတင်ဆောင်ခြင်းမပြုရန် ကြပ်မတ်ထားပြီးစီးနင်းခကို တိုးမြှင့်ကောက်ခံခွင့် မပြုကြောင်း သိရသည်။

“ဘယ်ဂိတ်မှ စီးနင်းခတိုးယူလို့မရဘူး။အရင်က ၁၀ ဦးတင်ရင် အခု ခုနစ်ဦးဆိုတော့ Socia Distancing နဲ့အညီ သွားလာရမှာဖြစ်ပါတယ်။ သမ္ဗန်မောင်းနှင်သူတွေလည်း Mask တပ်ရ ပါတယ်။ ဒါကလည်း ကျွန်တော်တို့အတွက်နဲ့ ခရီးသည်ရဲ့ကျန်းမာရေးအတွက်ဖြစ်တော့ လိုက်နာရပါတယ”ဟု ကမာကသွယ်ဂိတ်မှ စက်တပ်သမ္ဗန်မောင်းနှင်သူတစ်ဦးကပြောသည်။

ထိုသို့ ကျန်းမာရေးသတ်မှတ်ချက်နှင့်အညီ လိုက်နာမှု ရှိ၊ မရှိကိုလည်း ရေယာဉ်ကြီးကြပ်ရေး အဖွဲ့များက   စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)