ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ချောင်းကူးတံတားတည်ဆောက်ပေးရန် ဒေသခံများမျှော်လင့်

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန့်ဗွီး ကျေးရွာအုပ်စုအတွင်းရှိ နားစေးဆောက်ကျေးရွာ၊ နောင်တဗန်ကျေးရွာ၊ လွယ်မန်းကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ချောင်းကူးတံတားမရှိသည့်အတွက်မိုးရာသီတွင် ဒေသခံပြည်သူများ ဖြတ်သန်း သွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ  သိရသည်။

“တံတားကမရှိတော့ နွေရာသီဆိုသွားလာရတာ အဆင်ပြေပေမယ့် ကုန်ထွက်ချိန်ဖြစ်တဲ့ မိုးရာသီဆို သွားလာရတာ အင်မတန်ခက်ခဲတယ်။ မိုးကြီးရင် ကားဖြတ်လို့မရဘူး။ ကားထား ခဲ့ပြီး လူက လမ်းလျှောက်ပြန်ရတယ်။ ဒီလမ်းဟာ ကုန်ထုတ်လမ်းလည်းဖြစ်တော့ ကျေးရွာ ပြည်သူတွေ အဓိက ဖြတ်သန်းသွားလာနေရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရေရှည်အသုံးပြုနိုင်တဲ့ ကွန်ကရစ် တံတားတစ်စင်း ဆောက်လုပ် ပေးစေချင်ပါတယ်” ဟု ဘန့်ဗွီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်အောင်ကပြောကြားသည်။ “ဒီလမ်းဟာ ကျေးရွာ သုံးရွာက ဒေသခံတိုင်းရင်းသား ပြည်သူတွေက ခြံထွက်သီးနှံများကို ဆီဆိုင်ဈေးနဲ့ဆိုက်ခေါင် ဈေးတွေမှာ ဈေးရောင်း၊ ဈေးဝယ်ရန် မသုံးမဖြစ် အမြဲတမ်းအသုံးပြုနေရတော့ တံတားမရှိရင် အဆင်မပြေဘူး။ လူသွားလမ်းကတော့ ဝါးနဲ့ပြုလုပ်ထားပေမယ့် ဆိုင်ကယ်တွေ၊ ကားတွေ သွားလို့မရဘူး။  မိုးကြီးရင်ရေကတင်လောက်ရှိတယ်”ဟု ၎င်းင်းက ဆက်လက်ပြောသည်။

အဆိုပါ ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ချောင်းဘယ်ချောင်းသည် အကျယ် ၄၈ ပေခန့်ရှိ ကြောင်း သိရကာ နားစေးဆောက် ကျေးရွာတွင် အိမ်ခြေ၂၇၀၊ လူဦးရေ ၁၁၅၁ ဦး၊ နောင်တဗန်ကျေးရွာတွင်အိမ်ခြေ ၂၁၅ အိမ်၊ လူဦးရေ ၉၀၀၊ လွယ်မန်းကျေးရွာတွင် အိမ်ခြေ ၂၅၁၊ လူဦးရေ ၁၁၀၅ ဦး စုစုပေါင်းအိမ်ခြေ ၇၃၆ အိမ်ခန့်၊ လူဦးရေ ၃၁၅၆ ဦးမှဒေသခံ ပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးအစရှိသဖြင့် ဆောင်ရွက်ရန် အဓိက သွားလာနေရသည့် ကျေးရွာ သုံးရွာချင်းဆက်ထားသော အဆိုပါ ချောင်းဘယ်ချောင်း ကိုအသုံးပြုပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိကအားထားနေရ ကာ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးတံတား တစ်စင်းတည်ဆောက် ပေးစေလိုကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)