အမည်ပြောင်းအခွန်ပေးဆောင်ထားသည့် ယာဉ်များအနေဖြင့် က.ည.န ရုံး၌ ယာဉ်သက်တမ်း တိုးမည့်အချိန်မှသာ

အမည်ပြောင်းလာရောက်ဆောင်ရွက်နိုင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလ အတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၌ အမည်ပြောင်းအခွန် ပေးဆောင်ထားသည့် ယာဉ်များအနေဖြင့် ချက်ချင်းအမည် ပြောင်းစရာမလိုဘဲ ယာဉ်သက်တမ်းကုန်ဆုံး၍ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) ရုံး၌ ယာဉ်သက်တမ်းတိုးမည့် အချိန်မှသာ အမည်ပြောင်းလာရောက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

“အခွန်ဆောင်ထားပြီးရင် အခွန်စာရွက်ကို သိမ်းထားပါ။ သီးသန့်အမည်လာပြောင်းစရာ မလိုဘူး။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလမှာ Stay at Home ပဲနေပါ။ ယာဉ်သက်တမ်းတိုးမှသာ အမည်ပြောင်းရင်း သက်တမ်းတိုးလို့ရပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဦးစီးမှူး ဦးသိန်းထွဋ်ကပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ယာဉ်အမည်ပြောင်းအခွန် ၃ ရာခိုင်နှုန်းဖြေလျှော့ ကောက်ခံ မှုသည် စက်တင်ဘာလကုန်အထိသာ အကျုံးဝင်မည်ဖြစ်၍ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားမှာ တစ်ကျပ်မှ သိန်း ၁၀၀၀ အောက် ယာဉ်ကို အခွန် ၆ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ငွေကျပ်သိန်း ၁၀၀၀ မှ သိန်း၃၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ငွေကျပ်သိန်း ၃၀၀၀ မှ သိန်း ၃၀၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ ငွေကျပ်သိန်း ၃၀၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံ မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

အမည်ပြောင်း အခွန်ပေးဆောင်ရာတွင် မော်တော်ယာဉ်မှတ်ပုံတင် စာအုပ်မူရင်းနှင့်မိတ္တူ၊ ယာဉ်သက်သေခံ ကတ်ပြားမူရင်းနှင့်မိတ္တူ၊ မော်တော်ယာဉ် အရောင်းအဝယ်စာချုပ်၊ ဝယ်ယူ သူ၏ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းမူရင်းနှင့်မိတ္တူ၊ မော်တော်ယာဉ်ရှေ့၊ ဘေး၊ နောက်တို့ကို ရိုက်ထားသောဓာတ်ပုံ၊ ဝင်ငွေရလမ်းတင်ပြပါက ဝင်ငွေရလမ်းအထောက် အထားမူရင်းနှင့်မိတ္တူ ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ထို့ပြင် Showroom ကားဖြစ်လျှင် မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား၊ အရောင်းပြေစာမူရင်းနှင့် မိတ္တူတင်ပြ ရန်နှင့် ကိုယ်တိုင်မဟုတ်ပါက ကိုယ်စားလှယ်လွှဲစာတို့  ပါရှိရမည်ဖြစ်ကြောင်း၊ က.ည.န တွင် ယာဉ်မှန်၊ မမှန်စစ်မည့်ယာဉ်များ ယာဉ်ပိုင်ရှင်အမည်ပြောင်းစရာမလိုဘဲ  ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။        

ကျော်ကို