စွမ်းစွမ်းတမံဆောင်ရွက်သူများကို အသိအမှတ်ပြု

ကမ္ဘာ့လူသားတစ်ရပ်လုံးကို ဒုက္ခပေးနေသောဘုံရန်သူမှာ မူးယစ်ဆေးဝါးဖြစ်သည်။ မူးယစ် ဆေးဝါး၏ ဝါးမျိုမှုကြောင့် အရွယ်မတိုင်ခင် စောစီးစွာသေဆုံးကြသူများ၊ ရူးသွပ်သွားကြ သူများ၊ မိမဲ့ဖမဲ့မိဘမဲ့ဖြစ်သွားကြသူများကား ဒုနှင့်ဒေးများပြားလှပေသည်။ မူးယစ်ဆေးဝါး ကြောင့် သောကကိုရင်ဝယ်ပိုက်ကာ ဒုက္ခပင်လယ်ကြောမှာ မျောနေသူများကလည်း  များလွန်းလှသည်။ အချို့သော အမှုအခင်းတို့၏ မြစ်ဖျားခံရာသည်လည်း မူးယစ်ဆေးဝါးပင် ဖြစ်သည်။ ဤမျှမက ဆိုးရွားလွန်းလှသော မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင်ငံ အသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ဖိဖိစီးစီး လုပ်ဆောင်လျက်ရှိသည်။ နည်းလမ်းပေါင်းစုံသုံး၍ မူးယစ်ဆေးဝါး ပပျောက်ရေးကို ဆောင်ရွက်နေသည်။ တပ်မတော်သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်လာလျှင် စစ်ဆင်ရေး ပေါင်းမြောက်မြားစွာ ချေမှုန်းတိုက်ဖျက်ပေးလျက်ရှိသည်။ မူးယစ်ဆေးဝါးကား အလျှင်း ပပျောက်သွားခြင်း မရှိသေးသော်လည်း ဖမ်းဆီးရရှိမှုများကား တစ်နေ့ထက်တစ်နေ့ ပိုမိုများ လာသည်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းသည် လူသားများစွာတို့၏အသက်ကို ကယ်တင် လိုက်ခြင်းဖြစ်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာချီလိတ်မြို့ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ အား စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့ တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ တာချီလိတ်မြို့နယ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ဘိန်းဖြူ ၂၇ ဒသမ ၆၃ ကီလိုဂရမ်၊ ဘိန်းမည်း ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆၉၄၁၉၆ ပြား၊ အိုက်စ် ၁၀၆၄ ဒသမ ၇ ကီလိုဂရမ်၊ ကက်တမင်း ၁၂ ဒသမ ၃၅ ကီလိုဂရမ်၊ အခြား မူးယစ် စေတတ်သော ဆက်စပ်ပစ္စည်းများ ၆၅၈၈ ဒသမ ၆ ကီလိုဂရမ် စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂ ဒသမ ၆ ဘီလီယံကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်း၊ မိမိဒေသအတွင်း မူးယစ်ဆေးကင်းစင်အောင် ကာကွယ်ထိန်းသိမ်းကြ ရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည့်အတွက် အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း” အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးသည် ထုတ်လုပ်သူရှိနေသမျှ၊ ရောင်းချသူရှိနေသမျှ၊ သုံးစွဲသူရှိနေသမျှ ပပျောက်ရန် လွယ်ကူမည်မဟုတ်ပေ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ရသည်မှာ လွယ်ကူသော အလုပ် မဟုတ်သော်လည်း တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက စွမ်းစွမ်းတမံဆောင်ရွက်နေသမျှ ကာလပတ်လုံး တဖြည်းဖြည်းလျော့နည်း ပပျောက် မည်ဖြစ်သည်။ မူးယစ်ဆေးဝါး ပပျောက်မှလည်း လူမှုဘဝများ သာယာလာမည်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီးမြှင့်ခြင်းသည် စွမ်းစွမ်းတမံဆောင်ရွက်သူ များကို အသိအမှတ် ပြုလိုက်ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုသည် သမ္မာအာဇီဝ ကျသောစီးပွားရေး လုပ်ငန်းမဟုတ်ပါ။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများမှ တစ်ဆင့် ငွေကြေးများစွာရမည်ဖြစ်သော်လည်း ထိုငွေသည် သန့်ရှင်းသည့်ငွေများမဟုတ်ပေ။ ထိုငွေကြေးကြောင့် လူသားတို့၏အသက်ပေါင်းများစွာ ဆုံးရှုံးပေလိမ့်မည်။ မိသားစုပေါင်း များစွာ ငိုကြွေးပူဆွေးရ ပေလိမ့်မည်။ တရားဥပဒေကို လက်တစ်လုံးခြား လိမ်လည် လှည့်ဖြားမည်ဆိုလျှင်လည်း မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိပေ။ တစ်နေ့မဟုတ် တစ်နေ့ ဥပဒေ၏အောက်တွင် ပြားပြားမှောက်ကြရမည်သာဖြစ်သည်။

မူးယစ်ဆေးဝါး သုံးစွဲသည့်အတွက် အသက်ရှည်ရှည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေထိုင်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မှ မတွေ့သေးပါ။ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် လူဖြစ်ရှုံးသွားသူသာ အများအပြားမြင်တွေ့နိုင်ပေရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို သည့်ထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေ။ လူငယ်မောင်မယ်များလည်း မူးယစ်ဆေးဝါး သားကောင်အဖြစ်မှ ကင်းဝေးကြပါစေကြောင်း ဂုဏ်ပြုသင့်သူကို ဂုဏ်ယူ ခြင်းသည် ကြည်းနူးဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။