ခရမ်းချဉ်မျိုး မွေးမြူရွေးချယ်ခြင်းဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို သုံးနှစ်ကြာ ဆောင်ရွက်မည်

ခရမ်းချဉ်မျိုး ရွေးချယ်မွေးမြူခြင်းဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ယခု နှစ်မှစ၍ သုံးနှစ်ကြာဆောင်ရွက် မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၏ပြောကြားချက်အရ သိရသည်။

“ခရမ်းချဉ်မျိုးတွေရဲ့ အရည်အသွေး လက္ခဏာတွေကို သဘာ၀၀တ်မှုန်ကူးနည်းနဲ့ လေ့လာမှာဖြစ်ပါတယ်”ဟု ဒေါက်တာ နိုင်ကြည်ဝင်းကပြောသည်။ လက်ရှိတွင် အဆိုပါ စီမံကိန်း ကာလအတွင်း အထွက်နှုန်းကောင်းပြီး အသီး အရည်အသွေး ကောင်းသော ခရမ်းချဉ်မျိုးများကို ရှာဖွေသုတေသနပြုရန် ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

ယင်းသုတေသနသည် တောင်ကိုရီးယားနိုင်ငံ၊ အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFACI) ၏အထောက်အပံ့နှင့် ကမ္ဘာ့ဟင်းသီးဟင်း ရွက်ဗဟိုဌာန မှ မျိုးနှင့်နည်းပညာကူညီပေးမှုဖြင့် အာရှဒေသနိုင်ငံများ၌ ဟင်းသီးဟင်းရွက်မျိုးများအနက်   ခရမ်းချဉ်မျိုး မွေးမြူရွေးချယ်ခြင်းဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဆောင်ရွက်မည့် သုတေသနတစ်ခုဖြစ်သည်။

အဆိုပါသုတေသနကို ခရမ်းချဉ်မျိုးကွဲများထဲမှ ဒေသအလိုက် ရောဂါဒဏ်ခံနိုင်ပြီး အရည် အသွေးနှင့် အထွက်နှုန်းကောင်း မွန်သောမျိုးများရရှိရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်မိုးရာသီ တွင် သုတေသနပြုဆောင် ရွက်လျက်ရှိရာကွင်းပြင် (Open Field) ၌လည်းကောင်း၊    အမိုးအကာအောက် (Net House) ၌လည်းကောင်း  စမ်းသပ် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိအသုံးပြုမည့် ခရမ်းချဉ်မျိုးများမှာ မြန်မာဒေသမျိုး ၅၁ မျိုး၊ ကမ္ဘာ့ ဟင်းသီးဟင်းရွက် ဗဟိုဌာနမှ ၂၄ မျိုးနှင့် စီးပွားဖြစ် စပ်မျိုးတစ်မျိုး စုစုပေါင်း ၇၆ မျိုးဖြင့် သုတေသနပြု စိုက်ပျိုး ထားကြောင်း သိရသည်။             

သုသု(AMIA)