နယ်မြို့များ၌ ဆိတ်အရောင်းအဝယ် ကောင်းမွန်လာသည့်အတွက် ဈေးနှုန်း ပြန်လည်မြင့်တက်လာ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဆိတ်အရောင်းအဝယ် အေးနေရာမှ  ယခုအခါ  နယ်မြို့များ၌ပါ ဆိတ်အရောင်းအဝယ် ကောင်းမွန်လာသည့် အတွက် ဆိတ်အလေးချိန် တစ်ပေါင်လျှင်  ငွေကျပ် ၂ဝဝဝ ဝန်းကျင်အထိ ဈေးပြန်လည်မြင့်တက်လာကြောင်း မန္တလေးတိုင်း ဒေသကြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်ရောင်းချသူများအသင်း   ဒုတိယဥက္ကဋ္ဌ   ဦးထက်သူအောင် ၏ပြောဆိုချက်အရ သိရသည်။

''လက်ရှိမှာ ဆိတ်ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါတယ်။ ဒီလိုဈေးတက်လာတဲ့ အတွက် ဆိတ်မွေးမြူတဲ့ သူတွေအနေနဲ့ ပိုပြီးအဆင်ပြေလာတယ်'' ဟု ဦးထက်သူ အောင်ကပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ မကွေး၊  ပဲခူး  စသည့်မြို့ကြီးများအပြင် နယ်မြို့များ၌ပါ ဆိတ်အရောင်းအဝယ်ဖြစ်နေသည်။

သို့သော် မြို့ကြီးများ၌သာ ဆိတ်အလေးချိန် တစ်ပေါင်လျှင် ငွေကျပ် ၁၈ဝဝ မှ ၂ဝဝဝ ဝန်းကျင်အထိ  ဖြစ်ပေါ်နေသော် လည်း  နယ်မြို့များ၌  သယ်ယူစရိတ် ရှိသည့်အတွက်  မြို့ကြီးများတွင်  ဖြစ်ပေါ်နေသည့်ဈေးထက် အနည်းငယ် လျော့နည်း ကြောင်း သိရသည်။

ယခင်အချိန်များက ပြည်တွင်းပြည်ပ၌ ဆိတ်အရောင်းအဝယ်  ဖြစ်ပေါ်ချိန်တွင် ဆိတ်အလေးချိန် တစ်ပေါင်လျှင် ငွေကျပ် ၂၃ဝဝ မှ ၂၇ဝဝ ခန့်အထိ  ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။