မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းဝန်းကျင် ဝင်ရောက်နေ

မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းဝန်းကျင် ဝင်ရောက်နေပြီး မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်မှဆန်များ အဓိက ဝင်ရောက်လျက်ရှိကြောင်း   မူဆယ်ဆန်ကုန် စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း ၏ပြောပြချက်အရ သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှဆန်များ   ရန်ကုန်မြို့မှတစ်ဆင့် မူဆယ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊  မတ္တရာမြို့နယ်မှ ဆန်များကို  မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တိုက်ရိုက်တင်ပို့နေပြီး ယခုနှစ်အတွင်း စိုက်ဧက နည်းပါးသဖြင့် လက်ကျန်နည်းကာ ရန်ကုန်မြို့သို့ ဝင်ရောက်မှု   နည်းပါးလာကြောင်း သိရသည်။

''တရုတ်နိုင်ငံကို ဆန်တင်ပို့မှု အလား အလာကတော့ တရုတ်နိုင်ငံက  နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေမှာ ကန့်သတ်မှုတချို့ ရှိနေပြီး အကုန်ပြန်ဖွင့်ပေးရင်တော့ အခြေအနေ ပိုကောင်းလာနိုင်ပါတယ်'' ဟု ဦးမင်းသိန်း ကပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဆန်ကို တရားဝင်တင်ပို့နိုင်ပြီ ဖြစ်သော်လည်း COVID-19  ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလဖြစ်သည့်အတွက် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ယာဉ်မောင်းအစားထိုးဖြင့် ဝင်ရောက်နေရသဖြင့် တစ်ရက်လျှင် ကုန်တင်ယာဉ် အစီးရေ ၁၄ဝ ဝန်းကျင်သာ ဝင်ရောက်နိုင်သေးသည်။

လတ်တလော တင်ပို့နေသည့် ဆန်များမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ရေး  ကာလအတွင်း ပြည်ပသို့ တင်ပို့မည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတွက်   ပို့ကုန်လိုင်စင်ချထားပေးသော တန်ချိန် ငါးသောင်းကို တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။