သောကကင်းဝေးနေနိုင်ရေး

COVID-19 ရောဂါပိုးတွေ့ရှိသူအရေအတွက်သည် တစ်နေ့ထက်တစ်နေ့ပို၍မြင့်တက်လျက်ရှိသည်။ ကမ္ဘာတွင် လည်းကောင်း၊ မြန်မာနိုင်ငံတွင်လည်းကောင်း ရောဂါပိုးပျံ့နှံ့မှုကို ရင်ဆိုင်တွေ့ကြုံလျက်ရှိသည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၈ ရက်မှစတင်၍ ပါတီပေါင်းစုံ မဲဆွယ်စည်းရုံးရေးခွင့်ပြုထားသည်။ ပါတီများကလည်း သူ့ထက်ငါ မိမိတို့ပါတီမဲရရှိရေး ဆွဲဆောင်စည်းရုံးလျက်ရှိသည်။ COVID-19 ရောဂါအန္တရာယ်ကို သတိမမူဘဲလုပ်ဆောင် မိသော် အားလုံးအတွက် ဆိုးကျိုးကြုံတွေ့လာနိုင်သည်။

ညောင်သီးလည်းစား လေးသံလည်းနားထောင်ဟူသော စကားကဲ့သို့ ပါတီတိုင်း၏ မဲဆွယ်စည်းရုံးမှုသည် လေးမြားနှင့်ပမာတူသော COVID-19 ရောဂါအန္တရာယ်ဖြစ်မည့်အရေးကိုလည်း တွက်ဆသင့်သည်။ မည်သည့် အရာမဆို မဖြစ်ခင်ကြိုတင် ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဥပမာအားဖြင့်  လမ်းခရီးတစ်ခုတွင် မော်တော်ယာဉ်တစ်စီး စက်ချွတ်ယွင်းမှုကြောင့် ဆိုးကျိုးတွေ့ကြုံရခြင်းသည် ကြိုတင်ကာကွယ်မှုဖြစ်သည့် ယာဉ်စစ်ဆေးမှု၊ ပြုပြင်မှု၊ ကြံ့ခိုင်မှုကိုကြိုတင်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ပင်ဖြစ်ပေသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အသက်ကိုဉာဏ်စောင့်ဆိုစကားနှင့်အညီ မိမိတို့၏ဉာဏ်ကိုအသုံးချ၍ COVID-19 ရောဂါကို ကာကွယ်ကြစေချင်သည်။ ကာကွယ်ရမည့် နည်းလမ်းမှာလည်း ခက်ခဲလှသည်မဟုတ်ပါ။ လူတစ်ဦးနှင့် တစ်ဦး ၆ ပေအကွာတွင်ရှိနေစေခြင်း၊ လုံခြုံစိတ်ချကောင်းမွန်သော နှာခေါင်းစည်းများတပ်ထား ခြင်းတို့သည် အခြေခံကျသောအချက်များဖြစ်သည်။ လုံခြုံစိတ်ချရသော နှာခေါင်းစည်းဆိုသည်မှာ အိမ်တွင်းဖြစ် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်းသည် ဝတ်ဆင်သူနှင့် အံဝင်ခွင်ကျဖြစ်နေရမည်။ အနည်းဆုံးအလွှာ နှစ်ထပ် (ချည်သား၊ လီနင်သား သို့မဟုတ် နှစ်မျိုးပေါင်းအသား) ရှိရမည်။ အလွှာနှစ်ထပ်မှာ အရောင်ကွဲရမည်။

အတွင်းနှင့်အပြင် သတ်သတ်မှတ်မှတ်ထားရှိရမည်။  အဝတ်စမှာ ခပ်စိပ်စိပ်ရက်လုပ်ထားသောချည်ထည် သို့မဟုတ် လီနင်သားဖြစ်ရမည်။ နေအိမ်တွင်းနေသူများအတွက် နှာခေါင်းစည်းအမြဲတမ်းတပ်ရန် မလိုအပ် သော်လည်း လူထူထပ်သောနေရာ များဖြစ်သည့် ဘတ်စကား၊ လေယာဉ်၊ ဈေးဝယ်စင်တာ၊ အစည်းအဝေး စသည်တို့တွင် နှာခေါင်းစည်းကို မပါမဖြစ်တပ်ဆင်ရမည်။ လူတစ်ဦးထက်ပိုပြီး အလုံပိတ်အခန်းတွင် အလုပ်လုပ်ကိုင်ရခြင်း စသည့်အခြေအနေများတွင် နှာခေါင်းစည်းကို စနစ်တကျအသုံးပြုရမည်။ နှာခေါင်းစည်း တပ်ထားခြင်းသည် COVID-19 ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးသည်ဟုသိရသည်။ ရောဂါတစ်ခု ဖြစ်လာလျှင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း၊ စိတ်သောကရောက်ကြရသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ရောဂါမဖြစ်ချင်သော်လည်း မိမိတို့၏သတိတစ်ချက်ပေါ့လျော့မှုကြောင့် ရောဂါဟူသည် မဖိတ်ခေါ်ဘဲရောက်လာတတ်လေသည်။ ရောဂါမှန်သမျှမှာ လူသားတို့ကို သောကဟူသော အပူမီးကိုသာပေးသည်။ မည်သည့်ရောဂါမှ လူသားတို့ကို ကောင်းကျိုးပေးသည်ဟူ၍မရှိသေးရာ လူသားတို့ အနေဖြင့် အရာရာတွင်သတိရှိရှိနေကာမှ တော်ရုံကျပါလိမ့်မည်။ လူတိုင်းသောကကင်းဝေးနေထိုင်လိုကြသည်။ သင်သည်သောကကင်းဝေးနေထိုင်လိုပါလျှင် အခါအားလျော်စွာ နိုင်ငံတော်ကထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာလုပ်ဆောင်ပါ။ ရေများများသောက်ပါ။ လမ်းများများလျှောက်ပါ။ လေကောင်း လေသန့်ကိုတဝကြီးရှူပါ။ အဆီကိုလျှော့စားပါ။ အငန်ကိုလည်းလျှော့စားပါ။ မိမိအသက်အရွယ်နှင့် စားသုံးရန်မသင့်သောအစားအစာများကို   စားသုံးခြင်းမှလုံးဝရှောင်ကြဉ်လိုက်ပါ။ အသားနည်းနည်း အသီးအရွက် များများစားခြင်းက ကျန်းမာရေးနှင့်ညီညွတ်ကြောင်း ဆေးပညာရှင်တို့ တညီတညွတ်တည်း ပြောဆိုထားသည်။

ရောဂါကာကွယ်ရေးအတွက် အရေးကြီးဆုံးသောအချက်မှာ လူတိုင်းအိပ်ရေး၀၀အိပ်၍ စိတ်ကိုကြည်လင် လန်းဆန်းအောင် ပြုပြင်နေထိုင်ခြင်းဖြစ်သည်။ အာဟာရဖြစ်သော အစားအသောက်ကိုစား၍ အိပ်ရေး၀၀ တစ်နေ့ကိုအနည်းဆုံး ၈ နာရီ အိပ်စက်အနားယူခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်နေမည်ဖြစ်ပေသည်။ ကိုယ်ခံအား ကောင်းနေသူအား ရောဂါသည် လွယ်ကူစွာ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပါ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်တွင် COVID-19 ပိုးတွေ့လူနာ ၂၆၂ ဦးဖြင့် စံချိန်သစ်ထပ်တင်ကြောင်း သိရှိရသည်မှာ စိတ်ချမ်းသာဖွယ် မဟုတ်ပါ။  စုစုပေါင်းပိုးတွေ့လူနာ ၂၁၅၁ ဦး၊ ဆေးရုံဆင်း ၆၂၅ ဦး၊ သေဆုံး ၁၄ ဦးရှိကြောင်း သိရသည်။  ပြည်သူများ အထူးသတိပြုကြရန်လိုဟူ၍လည်း မြဝတီသတင်းစာတွင် အနီရောင် အောက်ခံဖြင့် ထင်ထင်ရှားရှား ဖော်ပြပေးထားသည်။ အနှစ်ချုပ်ဆိုရလျှင် ပြည်သူတစ်ရပ်လုံး သောကကင်းဝေး နေနိုင်ရေးအတွက်   ကျန်းမာရေး အသိ၊ သတိအမြဲရှိနေကြပါရန် မြဝတီက နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပေသည်။     ။