မရေရာမှုများကြောင့် ရုရှားနှင့် ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် ကြိုးပမ်းလာသည့် ဗီယက်နမ်

မရေရာမှုများကြောင့် ရုရှားနှင့် ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် ကြိုးပမ်းလာသည့် ဗီယက်နမ်

ရုရှားနိုင်ငံသည် ဗီယက်နမ်၏ နိုင်ငံခြားရေး မူဝါဒတွင်  အစဉ်အမြဲ မဟာဗျူဟာမြောက် ဦးစားပေးနိုင်ငံအဖြစ် တည်ရှိနေကြောင်း ဗီယက်နမ်အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း  ပြောကြားသည်။

ဗီယက်နမ်အစိုးရသည် နိုင်ငံအတွင်း ၁၃ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ကွန်ဂရက် အစည်းအဝေး ကျင်းပပြီးစီးချိန်မှစ၍ လွတ်လပ်သည့် နိုင်ငံခြားရေး မူဝါဒကိုသာ ချမှတ်ကျင့်သုံးခဲ့ပြီး  ရုရှားအား  နိုင်ငံ၏ မဟာဗျူဟာအရ  အရေးပါသည့် ဦးစားပေးမှု တစ်ရပ်အဖြစ် ထားရှိကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဘူသန်းဆွန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဗီယက်နမ်နှင့် ရုရှားနိုင်ငံတို့ကြား  ကွဲပြားမှုဟူ၍ ကြီးကြီးမားမား မရှိဘဲ နိုင်ငံတစ်နိုင်ငံက တခြားတစ်နိုင်ငံအပေါ်   ယုံကြည်မှုရှိသည့် ဆက်ဆံရေးကို  တည်ထောင်ထားသည်ကို  တွေ့ရသည်။

တစ်ချိန်တည်းမှာပင်  ရုရှားနိုင်ငံသည် ဗီယက်နမ်၏ မဟာမိတ်နိုင်ငံအဖြစ် ကာလရှည်ကြာ ရပ်တည်လျက်ရှိပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကိုလည်း မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးအဖြစ်သို့ မြှင့်တင်ထားပြီးဖြစ်သည်။  နှစ်နိုင်ငံကြား တည်ထောင်ထားသည့်    မဟာဗျူဟာမြောက်   လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးအရ နှစ်နိုင်ငံကြား ကာကွယ်ရေး၊ ပညာရေးတို့တွင်  ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ရုရှားနိုင်ငံသည် ဗီယက်နမ်သို့ လက်နက်ပစ္စည်းအများဆုံး ရောင်းချပေးနေသည့် နိုင်ငံအဖြစ် ရပ်တည်လျက် ရှိသည့်အပြင်   ကမ္ဘာ့နိုင်ငံ အများအပြား၌ ဆက်လက်ဖြစ်ပွားနေသည့်   ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေး ရယူအသုံးပြုနိုင်ရေး အတွက်လည်း သဘောတူညီချက်များ ချမှတ်ထားပြီးဖြစ်သည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးမှာ လက်ရှိတွင် ထင်သလောက်နွေးထွေးမှု မရှိသောကြောင့် ဗီယက်နမ်အစိုးရ အနေဖြင့် ရုရှားနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆန္ဒပြင်းပြနေသည်ဟု ဆိုနိုင်သည်။

ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ် အတွင်း ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘောခြောက်စင်း ဝယ်ယူထားပြီး ၎င်း၏ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်ထားသည်။ အနာဂတ်တွင်လည်း  ရုရှားနိုင်ငံထုတ် စစ်လက်နက်များကို ထပ်မံဝယ်ယူမည့် အလားအလာရှိနေသည်။

ဗီယက်နမ်နိုင်ငံ၏ လုံခြုံရေးအခြေအနေနှင့် ဖြစ်ပေါ်ပြောင်းလဲလာမှု အပေါ်တုံ့ပြန်ရာတွင် ဗီယက်နမ်အစိုးရ၏ ဆောင်ရွက်ချက်ကို ကြည့်မည်ဆိုပါက ယင်းနိုင်ငံသည် ရုရှားနိုင်ငံမှလွဲ၍   တခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်ခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံကလည်း ဗီယက်နမ်နိုင်ငံအား   အာရှ-ပစိဖိတ် ဒေသအတွင်းရှိ ၎င်းတို့အတွက် အဓိကကျသော လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ်    အသိအမှတ်ပြုထားသည်။ ဗီယက်နမ်အစိုးရ အနေဖြင့် ရုရှားနိုင်ငံနှင့် ကာကွယ်ရေး အရ ဆက်ဆံမှုကို တိုးမြှင့်ရန် ဆန္ဒပြင်းပြနေသည့် အကြောင်းရင်းတစ်ရပ်မှာ အမေရိကန်က အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့်    သြစတြေးလျသို့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ အသုံးပြုရန် သဘောတူညီ လိုက်ခြင်းကြောင့်ပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

အဆိုပါ သဘောတူညီချက်သည် အာရှ-ပစိဖိတ်ဒေသ၌ စစ်အင်အား ကြီးထွားလာသည့် တရုတ်နိုင်ငံအား ထိန်းချုပ်နိုင်ရေး အတွက်   ရည်ရွယ်ခြင်းဖြစ်သောကြောင့် ဒေသတွင်း  အင်အားကြီး နိုင်ငံများကြား လက်နက်အပြိုင်တပ်ဆင်မှုကို ဖြစ်ပေါ်စေနိုင်သည့် အလားအလာရှိသည်။

ထို့ပြင် ဗြိတိန်၊ အမေရိကန်နှင့်သြစတြေးလျတို့ကြား မကြာသေးမီက အသစ်ဖွဲ့စည်းလိုက်သည့် သုံးနိုင်ငံ လုံခြုံရေးအဖွဲ့ကို ဒေသတွင်း နိုင်ငံတချို့က တုံ့ပြန်မည့် အလားအလာရှိနေသောကြောင့် ဒေသတွင်း၌ ထွက်ပေါ်လာသည့် တင်းမာမှုများ၊ မရေရာမှုများကို ကာကွယ်ရန်   ကြိုးပမ်းသည့်အနေဖြင့် ဗီယက်နမ်နိုင်ငံက ရုရှားနိုင်ငံနှင့် လုပ်ဆောင်နေသည့်  ကာကွယ်ရေး ဆက်ဆံမှုကို တိုးမြှင့်ရန် ဆန္ဒရှိနေခြင်း ဖြစ်သည်ဟုဆိုနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: Foreignbrief, Sputnik