အီရန်အတွက် မဟာအခွင့်အလမ်းအဖြစ် ရပ်တည်နေသည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့

အီရန်အတွက် မဟာအခွင့်အလမ်းအဖြစ် ရပ်တည်နေသည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့

အီရန်နိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံသုံးနိုင်ငံ ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO)သို့ ဝင်ရောက်ရန် စီစဉ်လျက်ရှိသည်။ SCO အဖွဲ့တွင် လက်ရှိအချိန်ထိ အဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံရှိပြီး    အီရန်ဝင်ရောက်လာမည် ဆိုပါက အဖွဲ့ဝင်နိုင်ငံ အရေအတွက်မှာ  ကိုးနိုင်ငံအထိ မြင့်တက်လာမည်ဖြစ်သည်။  

အဖွဲ့ကြီး၏  အဓိကရည်မှန်းချက်မှာ စီးပွားရေး၊   လုံခြုံရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ SCO အဖွဲ့ဝင်နိုင်ငံများ၏ လူဦးရေမှာ   ကမ္ဘာ့လူဦးရေ စုစုပေါင်း၏    ၄ဝ ရာခိုင်နှုန်းခန့်ရှိပြီး GDP ပမာဏမှာ ၂၈ ရာခိုင်နှုန်းရှိသည်။

SCO  အဖွဲ့တွင်  ရုရှား၊  တရုတ်နှင့် အိန္ဒိယနိုင်ငံတို့  ပါဝင်လျက် ရှိသောကြောင့်  ယင်းအဖွဲ့သို့ ဝင်ရောက်နိုင်မည်ဆိုပါက  အီရန်အနေဖြင့် အဆိုပါ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် လုပ်ဆောင်နေသည့် ပူးပေါင်း ဆောင်ရွက်မှုများကို  ပိုမိုတိုးချဲ့နိုင်မည့်  အလားအလာ ရှိနေသည်။

ထို့ကြောင့်   အဆိုပါ အဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်မည်ဆိုပါက အီရန်အနေဖြင့် ကမ္ဘာ့အင်အားကြီး သုံးနိုင်ငံအပြင် တခြားအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့်  ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်ကစ္စတန်၊  ပါကစ္စတန်နိုင်ငံတို့နှင့်   လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းကောင်း ရရှိမည်ဖြစ်သည်။

အထူးသဖြင့် အီရန်သည် တာဂျစ်ကစ္စတန်နှင့် ဆက်ဆံရေးတွင် အကျိုးထူး ခံစားနေရပြီဖြစ်သည်။ နှစ်နိုင်ငံစလုံးတွင် အသုံးပြုနေသည့်   ဘာသာစကားမှာ ဆင်တူနေသော်လည်း အီရန်နိုင်ငံသည် အစိုးရအား ဆန့်ကျင်နေသည့်  တာဂျစ်ကစ္စတန်  အစ္စလာမ်မစ်ပါတီကို  ထောက်ခံနေသည်ဟု တာဂျစ်ကစ္စတန် အစိုးရက ထပ်တလဲလဲ စွပ်စွဲထားသည်။

တာဂျစ်ကစ္စတန်အစိုးရက   အဆိုပါ ပါတီအား    ၂ဝ၁၅    ခုနှစ်ကတည်းက   မတရားအသင်း ကြေညာထားပြီးဖြစ်သည်။

ထို့ကြောင့်  အဆိုပါကိစ္စရပ်သည်  အီရန်နှင့်    တာဂျစ်ကစ္စတန် ဆက်ဆံရေးတွင် အဖုအထစ် တစ်ခုဖြစ်လာခဲ့သည်ဟု   ဆိုနိုင်သည်။ သို့ရာတွင်  ဒူရှန်ဘဲမြို့တော်၌ ကျင်းပခဲ့သည့်   ထိပ်သီးဆွေးနွေးပွဲ တစ်ခုတွင်  အီရန်နှင့်  တာဂျစ်ကစ္စတန်နိုင်ငံတို့

သည် ၎င်းတို့ကြားရှိ မတူကွဲပြားမှုများနှင့် သဘောထား ကွဲလွဲမှုများကို   ဖယ်ရှား၍ နှစ်နိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ရှစ်ခုကို   လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ  နှစ်နိုင်ငံဆက်ဆံရေး   တိုးတက်လာမည့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်သည်။

ကုန်သွယ်ရေးရှုထောင့်မှ   ကြည့်မည်ဆိုပါက SCO အဖွဲ့တွင် လွတ်လပ်သော ကုန်သွယ်မှုဇုန်   သတ်မှတ်ထားခြင်း မရှိသကဲ့သို့ ဘုံသတ်မှတ်ထားသည့် ဘဏ်စနစ်တစ်ရပ်ကိုလည်း တည်ထောင်ထားခြင်းမရှိပေ။ ထို့ကြောင့် အီရန်အနေဖြင့် SCO အဖွဲ့တွင် ပါဝင်လာခြင်းဖြင့် နိုင်ငံအပေါ် ဆိုးရွားသည့် ဖိအားပေးမှုများ လုပ်ဆောင်နေသော   အမေရိကန်၏ ပိတ်ဆို့မှုများအနက် တချို့ကို အလွယ်တကူ ရှောင်ရှားနိုင်မည့် အလားအလာရှိသည်။

SCO  အဖွဲ့ဝင်မဖြစ်သေးမီကပင် အီရန်အနေဖြင့် တရုတ်နှင့် ၂၅ နှစ်ကြာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တစ်ရပ်ကို   လက်မှတ်ရေးထိုး နိုင်ခဲ့သည့်အပြင် တရုတ်နိုင်ငံက ဖော်ဆောင်နေသော  ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းတွင်လည်း ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံသည် အင်အားကြီး ရုရှားနှင့် နှစ်ပေါင်း ၂ဝ ကြာ ချစ်ကြည်မှုဆိုင်ရာ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့်  SCO အဖွဲ့ကြီးသည် အီရန်အတွက် မဟာအခွင့်အရေးအဖြစ် ရှုမြင်နိုင်သည်။ ထို့ကြောင့် အီရန်သည် အဆိုပါအဖွဲ့သို့ ဝင်ရောက်နိုင်ရန် ယခင်က  ကြိုးပမ်းခဲ့သော်လည်း ဆက်ဆံရေး တင်းမာနေသည့် တာဂျစ်ကစ္စတန်၏ ကန့်ကွက်မှုကြောင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်မည့် အခြေအနေနှင့် ဝေးကွာခဲ့ရကာ ယခုအခါ  အခြေအနေမှာ ပြောင်းလဲ လာခဲ့ပြီဖြစ်သည်။

အီရန်အနေဖြင့်  ယခုတစ်ကြိမ်တွင် အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်း ခံရမည်ဆိုပါက  ၎င်းတို့၏ ရေနံမဟုတ်သော  တခြားထုတ်ကုန်များကို   ပိုမိုတိုးမြှင့် ထုတ်လုပ်ရန်  အခွင့်အရေး ရရှိလာနိုင်သည့်အတွက်  အမေရိကန်၏ ပိတ်ဆို့မှုကြောင့် အထိနာ နေသော နိုင်ငံ၏ဝင်ငွေအား အဖတ်ဆယ် နိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ  SCO အဖွဲ့သည် အီရန်အတွက် ကြီးမားသော အခွင့်အလမ်း တစ်ရပ်အဖြစ် ရပ်တည်နေသည်။

အကယ်၍ အဖွဲ့ဝင်နိုင်ငံဖြစ်လာရေး အီရန်၏ကြိုးပမ်းချက်  အောင်မြင်မည် ဆိုပါက    ယင်းနိုင်ငံအနေဖြင့်   တစ်ဖက်သတ် ပိတ်ဆို့မှုများကြောင့် နိုင်ငံအပေါ် ကျရောက်နေသည့်   အမေရိကန်၏ ဖိအားများကို ဖယ်ရှားရာတွင် များစွာ အထောက်အကူ ပြုနိုင်မည့်အပြင် SCO အဖွဲ့ဝင်နိုင်ငံများနှင့်    ကုန်သွယ်ရေး လုပ်ဆောင်မှုကိုပါ တိုးမြှင့် လုပ်ဆောင်လာနိုင်မည့်   အခြေအနေရှိသည်။  

အလားတူပင် SCO  အဖွဲ့တွင်  အဖွဲ့ဝင်အဖြစ်ပါဝင်၍ အာဖဂန်နစ္စတန် အရေး၌ ပါဝင်လာခွင့် ရရှိမည်ဆိုလျှင် အီရန်အား ဒေသတွင်း လွှမ်းမိုးနိုင်သည့်နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ 

Ref: Sputnik, newscn