ဟောင်ကောင်က ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ သောက်ဆေးကို ဝယ်ယူရန် ဆွေးနွေးနေ

ဟောင်ကောင်က ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ သောက်ဆေးကို ဝယ်ယူရန် ဆွေးနွေးနေ

ဟောင်ကောင်အစိုးရ အနေဖြင့် ကမ္ဘာ့ ပထမဆုံးဖြစ်သော ကိုဗစ်-၁၉ ရောဂါကုသမှုအတွက် သောက်ဆေးကို ဝယ်ယူရန် ဆွေးနွေးနေကြောင်း    အဆိုပါဆေးကို ထုတ်လုပ်သည့် ကုမ္ပဏီက   ပြောသည်ဟု  South China Morning Post  သတင်းစာ က အောက်တိုဘာ ၃ ရက်တွင် ဖော်ပြထားသည်။

ထိုသောက်ဆေးသည် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရမှုနှင့် သေဆုံးနိုင်ခြေတို့ကို ကောင်းစွာလျှော့ချနိုင်ကြောင်း   ကာကွယ်ဆေးကို ထုတ်လုပ်သည့်    မာ့နှင့်ရစ်ချဘတ် ကုမ္ပဏီတို့က အောက်တိုဘာ ၁ ရက်တွင် ကြေညာပြီးနောက် ဟောင်ကောင်အစိုးရ၏ ကြိုးပမ်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါကာကွယ်ဆေးကို ထုတ်လုပ်သည့် ကုမ္ပဏီများက အဝလွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း  သို့မဟုတ် နှလုံးရောဂါရှိခြင်းတို့ကြောင့်   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ပိုမိုဆိုးဝါးစွာ ခံစားရဖွယ်ရှိသည့် နိုင်ငံပေါင်း ၂ဝ ကျော်မှ ရောဂါနုသူနှင့် ရောဂါမပြင်းထန်သူ ၇၇၅ ဦးကို လက်တွေ့သုတေသနများ လုပ်ဆောင်ထားသည်။

သုတေသီများသည် လက်တွေ့သုတေသနတွင် ပါဝင်သူ ထက်ဝက်ခန့်အား တစ်နေ့နှစ်ကြိမ် သောက်ရသည့်    အညိုရောင် ဆေးတောင့်ငယ်များကို ငါးရက်စာပေးပြီးသောက်သုံးစေသည်။    ကျန်သူများကိုမူ အာနိသင်မပါသည့် ဆေးများကို သောက်ခိုင်းစေသည်။

ထို့နောက်ရလဒ်များကို နှိုင်းယှဉ်ကြည့်ရာ ဆေးအစစ်သောက်ရသူများ အနက် ၂၈ ဦး သို့မဟုတ် ၇ ဒသမ ၃ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ရောဂါကြောင့်   ဆေးရုံတက်ရကာ အာနိသင်မပါသည့် ဆေးကို သောက်ရသူများအနက်    ဆေးရုံတက်ရသည့်ပမာဏမှာ ၅၃ ဦး သို့မဟုတ် ၁၄ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။

ထို့ပြင် သေဆုံးနှုန်းကို နှိုင်းယှဉ်ကြည့်ရာတွင်လည်း ဆေးအစစ် သောက်ရသူများ အနက် သေဆုံးသူ တစ်ဦးမျှမရှိဘဲ အာနိသင်မပါသည့် ဆေးကိုသောက်ရသူများအနက် ရှစ်ဦးသေဆုံးသည်ကို တွေ့ရသည်။

အဆိုပါရလဒ်များ ထွက်လာပြီးနောက် ဟောင်ကောင်ဆေးရုံ အာဏာပိုင်အဖွဲ့က ထိုဆေးအလုံးရေ ၅ဝဝဝဝ ကို ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ကာ   ထို့ထက်ပိုမိုဝယ်ယူရန်လည်းစဉ်းစားနေကြောင်း   ပါမောက္ခ ဒေးဗစ်ဟွေရှူချောင်က ပြောသည်။

မိုနူပီရာဗီယာအမည်ရှိ အဆိုပါဆေး၏ ဈေးနှုန်းမှာ လူနာတစ်ဦး၏   ငါးရက်တာ ဆေးတစ်ပတ်စာ (ဆေး ၁ဝ လုံး) အတွက် အမေရိကန်ဒေါ်လာ ၇ဝဝ ကျသင့်မည်ဟု ၎င်းကဆက်ပြောသည်။

ကိုဗစ်-၁၉ ရောဂါအတွက်  သောက်ဆေးကို ထုတ်လုပ်သည့်    မာ့ကုမ္ပဏီက လာမည့် သီတင်းပတ် နှစ်ပတ်အတွင်း ထိုဆေးကို အမေရိကန်နိုင်ငံ၌ အရေးပေါ် အသုံးပြုခွင့်ရရန်နှင့် နောက်ပိုင်းတွင် အခြားသော နိုင်ငံများ၌ပါ အရေးပေါ်အဖြစ် အသုံးပြုခွင့် ရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောထားသည်။     

Ref: Bangkok Post