စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားလာစေရန် သမဝါယမ နည်းလမ်းများဖြင့် ဆောင်ရွက်

စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားလာစေရန် သမဝါယမ နည်းလမ်းများဖြင့် ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၃

နိုင်ငံတော်အတွက် အဓိကကျသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်  SMEနှင့် သမဝါယမ လုပ်ငန်းများ ဖော်ဆောင်ရန် လိုအပ်ပြီး ဖွံ့ဖြိုး တိုးတက်လျက်ရှိသည့် စက်မှုနိုင်ငံကြီးများ၌ပင်   သမဝါယမ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြသည်။ ထို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များ     သမဝါယမစနစ်ဖြင့် အကျိုးများစွာ ဖြစ်ထွန်းစေရန်အတွက် သမဝါယမ လုပ်ငန်းများနှင့် ပတ်သက်သည်များကို ပြည်သူများ သိရှိစေရန် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးမျိုးအောင်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို တင်ပြလိုက်ရပါသည်။

မေး။ ပထမဆုံး အနေနဲ့ သမဝါယမဆိုတာ ဘာလဲ၊ လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ရသလဲဆိုတာကို  ပြည်သူတွေ နားလည်အောင် ရှင်းပြပေးပါခင်ဗျာ။

ဖြေ။ သမဝါယမ ဆိုတာကတော့ ပါဠိစကားလုံး ဖြစ်ပြီး ၁၉ဝ၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာဝေါဟာရ နယ်ပယ်ကို ထည့်သွင်း အသုံးပြုလာခြင်းဖြစ်ပါတယ်။ ''သမ''နှင့် ''ဝါယမ''ကို ပေါင်းစပ်တီထွင်ထားသော စကားလုံးဖြစ်ပါတယ်။ သမဝါယမဟူသည် အတူတကွ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရပါတယ်။ Co-operative ဆိုတဲ့ အင်္ဂလိပ်ဘာသာစကားကို မြန်မာလို ''သမဝါယမ''ဟု အဓိပ္ပာယ်ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ လက်ရှိကာလ သမဝါယမ လုပ်ငန်းတွေကို ဦးစီးဌာန အပိုင်းက အသင်းများနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး လုပ်ငန်းအစီအမံ (၈)ရပ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ (၁) သမဝါယမအသင်းများ ဖွဲ့စည်းခြင်း၊ (၂) အသေးစား အရင်းအနှီး ချေးငွေလုပ်ငန်း (Microfinance)၊ (၃)လယ်ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံး  စက်ကိရိယာများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်းလုပ်ငန်း (Hire Purchase System)၊ (၄) စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေးအတွက် မြေယာပြုပြင်ခြင်း လုပ်ငန်း၊ (၅) လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများ ပေါ်ပေါက်လာရေးနှင့် လယ်ယာ သွင်းအားစုများ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်း၊ (၆)ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု သမဝါယမ အသင်းများအား အဆင့်မြှင့်တင်ပေးခြင်း လုပ်ငန်း၊ (၇) အကူအညီ၊ အထောက်အပံ့နှင့်  ငွေကြေးအရင်းအနှီး ရယူဆောင်ရွက်ရေး လုပ်ငန်း၊  (၈) သမဝါယမပညာပေးရေး   လုပ်ငန်းများ ဆောင်ရွက်ခြင်း (Capacity Building) ဆိုတဲ့လုပ်ငန်း စီမံချက်တွေနဲ့ ဆောင်ရွက်နေပါတယ်။

မေး။ သမဝါယမ ဦးစီးဌာနအနေနဲ့ ဘယ်လို ရည်မှန်းချက်၊ ဘယ်လို မျှော်မှန်းချက်တွေနဲ့ ဆောင်ရွက်နေပါသလဲ။

ဖြေ။ ဦးစီးဌာန အနေနဲ့ ကုန်ထုတ်လုပ်မှု၊  ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု သမဝါယမအသင်းများအား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သည့်  စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်နဲ့ ကျေးလက်နှင့် မြို့ပြနေ အသင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ စိတ်ဆန္ဒတူသူများဖြင့် ဖွဲ့စည်းထားသော ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုသမဝါယမ အသင်းများက မိမိတို့အသင်း၏ စီးပွားရေး လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရန်ဖြစ်ပါတယ်။ ဒါ့အပြင် သမဝါယမ ကျင့်ဝတ်(Ethic)ဖြစ်တဲ့ ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေး စိတ်ဓာတ်ရှိခြင်းနဲ့ အများအကျိုးကို အလေးထားခြင်း ဆိုတဲ့ ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူ   ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊  တရားမျှတခြင်းနဲ့ စည်းလုံးညီညွတ်ခြင်းသည် သမဝါယမရဲ့ အနှစ်သာရ (Value)တွေပဲ ဖြစ်ပါတယ်။

မေး။ သမဝါယမ အခြေခံမူ၊ လက်ရှိမှာ ပြဋ္ဌာန်းထားတဲ့ အသင်းဥပဒေ အကြောင်းနဲ့ သမဝါယမ ဦးစီးဌာနက ဘယ်လိုလုပ်ငန်း တာဝန်တွေကို ဆောင်ရွက်ရပါသလဲ သိချင်ပါတယ်။

ဖြေ။ မြန်မာ့သမဝါယမအသင်း အခြေခံမူများ (Basic Co-operative Principles) အနေနဲ့ (၁ဝ) ချက် သတ်မှတ်ထားပါတယ်။ (၁) ဆန္ဒ အလျောက် ပါဝင်လိုသူများဖြင့် ဖွဲ့စည်းရန်၊ (၂) လူတစ်ကိုယ် ဆန္ဒမဲတစ်မဲဖြင့် အများဆန္ဒနှင့် အညီ စီမံခန့်ခွဲခြင်း၊ (၃) အစုအတွက်ရရှိမည့် အကျိုးခံစားခွင့်ကို ကန့်သတ်ထားရန်၊  (၄) အသားတင် အမြတ်ငွေများကို အသင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့် ခွဲဝေရန်၊ (၅)သမဝါယမ သဘောတရားနှင့်နည်းစနစ် ပြန့်ပွားရေးအတွက် ဆောင်ရွက်ရန်၊ (၆) သမဝါယမ အသင်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန်၊ (၇) အသင်း၏ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်သည့် အဖွဲ့အစည်းသာ ဖြစ်စေရန်၊ (၈)အသင်းသား၊ အသင်းဝင်များ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးကို ရှေးရှုဆောင်ရွက်ရန်၊ (၉) အသင်းသားများ၊  အသင်းဝင်များသည် အသင်း၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများ ဖြစ်ကြစေရန်၊ (၁ဝ) အသင်းသား၊ အသင်းဝင်များနှင့် အကျိုးတူစီးပွားဖက် အချင်းချင်း လုပ်အား၊ ပစ္စည်းတို့ ပူးပေါင်း၍   အများ၏ ဆန္ဒဖြင့် စီမံခန့်ခွဲလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်စေရန်အတွက်  အခြေခံမူများ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ တည်ဆဲ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်း ဥပဒေအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ သမဝါယမဦးစီးဌာနအနေဖြင့်   (၁)သမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်း (Organization)၊  (၂)စည်းရုံး ပညာပေးခြင်း(Education)၊  (၃)တည့်မတ်ပြုပြင်ပေးခြင်း (Regulation) ဆိုတဲ့ အပိုင်း (၃) ပိုင်းကို ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ  လုပ်ကိုင်ဆောင်ရွက်လျက် ရှိပတယ်။

သမဝါယမအသင်း   ဖွဲ့စည်းလိုပါက အသင်းဖွဲ့စည်းရာတွင် သမဝါယမ အသင်းသားအဖြစ် ပါဝင်ခွင့်ရှိသည့် အနည်းဆုံး ပုဂ္ဂိုလ်(၅)ဦးက ဖွဲ့စည်းရန်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၌ဆုံးဖြတ်လျှင်  အခြေခံ သမဝါယမ အသင်းကို ဖွဲ့စည်းနိုင်ပါတယ်။ အသင်းက  ဆောင်ရွက်မည့် စီးပွားရေး လုပ်ငန်း အမျိုးအစားအလိုက်  အသင်းစည်းကမ်းကိုရ ေးဆွဲ၍  ပထမအကြိမ် ပြုလုပ်သည့်   အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် အတည်ပြုရပါတယ်။ အခြေခံ သမဝါယမအသင်းကို ဖွဲ့စည်းပြီးနောက် အသင်းအမှုဆောင် အဖွဲ့ကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ရပါမယ်။ လိုအပ်ပါက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ရမယ်။

သမဝါယမဦးစီးဌာနမှ သမဝါယမအသင်းများက အသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေး တည့်မတ်ပြုပြင်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ရတဲ့ အပိုင်းအနေနဲ့ အသင်းစည်းကမ်းပါ ပြဋ္ဌာန်းထားသော စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ရှိ/မရှိ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ၊ ဦးစီးဌာနက ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ သာမန်နှင့် နှစ်ချုပ်စာရင်းများ အစစ်ဆေးခံနိုင်ခြင်း ရှိ/မရှိ၊ စစ်ဆေးချက်အပေါ် လိုက်နာမှုရှိ/မရှိ၊  အသင်း၏ လုပ်ငန်းအရပ်ရပ်ကို အများ၏ဆန္ဒဖြင့်   စီမံခန့်ခွဲခြင်း၊ အမှုဆောင် အစည်းအဝေးကို ပုံမှန်ကျင်းပပြုလုပ်ပြီး  လုပ်ငန်းကိစ္စများကို အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မှု ရှိ/မရှိ၊ အသင်းတွင် လုပ်ငန်းတာဝန်ခံများ ခန့်အပ်ခြင်း၊ အမှုဆောင်အဖွဲ့အား ကိုယ်စီတာဝန်ခွဲဝေ သတ်မှတ်ခြင်း ရှိ/မရှိ၊ ဘဏ္ဍာရေးနှစ်အလိုက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အသင်းဥပဒေ၊ နည်းဥပဒေများ၊  စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ခြင်း ရှိ/မရှိ၊ အသင်း၏ စာရင်းများကို ရေးသွင်းခြင်း၊ နှစ်ချုပ်စာရင်းများ ရေးဆွဲခြင်း၊ အသင်းစာရင်းစစ် အဖွဲ့က စာရင်းများကို စစ်ဆေးပြီး အမှုဆောင်အဖွဲ့ထံ တင်ပြခြင်း ရှိ/မရှိ  ဆောင်ရွက်ပေးရပါတယ်။

သမဝါယမပညာပေးခြင်း အပိုင်းမှာ သမဝါယမအသင်း အဆင့်ဆင့်ရှိ အမှုဆောင်၊ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းဝန်ထမ်းများကို   အသင်း၏ စာရင်းဇယားများ ကိုယ်တိုင်ရေးဆွဲ တတ်စေရန်၊ အသင်းစီမံ အုပ်ချုပ်မှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ချေးငွေဆောင်ရွက်ပုံ နည်းလမ်းများ၊ သမဝါယမစာရင်းရေး စာရင်းကိုင်ဘာသာရပ်များကို သမဝါယမတက္ကသိုလ်/ ကောလိပ်များ၊ သမဝါယမ သင်တန်းကျောင်းများ၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်သမဝါယမ ဦးစီးဌာန အဆင့်ဆင့်တို့တွင်  လုပ်ငန်းခွင်ပညာပေး သင်တန်းများ၊ အသင်းသား စာရင်းစစ်သင်တန်း၊ ကွင်းဆင်းနည်းပေး လမ်းပြသင်တန်းများ၊ အမှုဆောင်/ဒါရိုက်တာ(ရက်တို)ဆွေးနွေးပွဲ၊ သမဝါယမ ဆွေးနွေးပွဲများကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။ သမဝါယမပညာ၊ စီးပွားရေးပညာနှင့် ဈေးကွက် ချိတ်ဆက်မှု ပညာရပ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကာလတို သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချ ဆောင်ရွက်လျက် ရှိပါတယ်။

မေး။ လက်ရှိအချိန်ထိ သမဝါယမအသင်း ဘယ်လောက်ရှိပါသလဲ၊ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ဘယ်အပိုင်းက ပိုများပါသလဲ၊ ဒီလိုဖွဲ့စည်းဆောင်ရွက်ခြင်း အားဖြင့် ဘယ်လို အကျိုးတွေ ရှိနိုင်ပါသလဲ သိချင်ပါတယ်။

ဖြေ။  ယနေ့ထိ သမဝါယမ အသင်းသား ပြည်သူ ၄ ဒသမ ၂ သန်းကျော်ပါဝင်သည့် သမဝါယမအသင်းပေါင်း ၃၉၃၉၉ သင်း ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါအသင်းများတွင် ကုန်ထုတ်လုပ်မှု အသင်း ၈၁ ရာခိုင်နှုန်း၊ ကုန်သွယ်မှု သမဝါယမအသင်း ၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု သမဝါယမအသင်း ၁၁ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းလျက်ရှိပါတယ်။ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း အားဖြင့် စုပေါင်းဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများကို ရရှိခြင်း၊ စုပေါင်းအားကြောင့် အင်အားတစ်ရပ် ဖြစ်ပေါ်ပြီး မိမိတို့ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခြင်း၊ သမဝါယမ အသင်းများကို ဗဟို/တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အခြေခံ ရပ်ကွက်/ကျေးရွာ အဆင့်ဆင့်အထိ ဒေါင်လိုက်၊ အလျားလိုက် ကွန်ရက်သဖွယ် ဖွဲ့စည်းထားရှိခြင်းကြောင့် စီးပွားရေး လုပ်ငန်းများအား ချိတ်ဆက်ဆောင်ရွက်နိုင်သဖြင့် အချိန်တိုအတွင်း သိသာ ထင်ရှားသည့် အောင်မြင်မှု (Quick Win) ကိုရရှိနိုင်ခြင်း၊ အစုအဖွဲ့များဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်းထက် သမဝါယမ အသင်း အနေဖြင့် ဖွဲ့စည်းဆောင်ရွက်ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်နည်းစနစ်၊  Constitution စာရင်းဇယားများ၊ စာရင်းစစ်ဆေးမှုများဖြင့် မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းများအတွက် စနစ်တကျ ခိုင်မာမှုရှိခြင်း စတဲ့ အကျိုးကျေးဇူး အားသာချက်များ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သမဝါယမအသင်းတွင် ပါဝင်သော အသင်းသားများ အနေဖြင့် အစုရှယ်ယာရှင် ကန့်သတ်ချက်မရှိဘဲ ပါဝင်နိုင်ခြင်း၊ ဒီမိုကရေစီနည်းအရ စီမံခန့်ခွဲနိုင်ခြင်း၊ (One Men, One Vote) လူတစ်ကိုယ် ဆန္ဒမဲတစ်မဲဖြင့် မိမိဆန္ဒအား ဖော်ထုတ်ခွင့် ရရှိခြင်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

မေး။ နောက်ဆုံးအနေဖြင့် ဆရာ့အနေနဲ့ သမဝါယမ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ။ မြန်မာ့သမဝါယမ ဟာဆိုလျှင်လည်း ရပ်ကွက်/ကျေးရွာပေါင်း ၃၉ဝဝဝ ကျော်သို့ ဖြန့်ကြက်ရောက်ရှိနေပြီး ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရရှိရေး သမဝါယမအသင်းအချင်းချင်း အလျားလိုက်၊ ဒေါင်လိုက် ဆက်စပ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ သမဝါယမ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် ခြင်း စတဲ့ကွန်ရက်ကောင်းများ ရှိကာ ပြည်သူများ၏ လူမှုစီးပွား တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ပြည်သူ့အကျိုး ဝန်ဆောင်မှုကောင်းများဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း  သတင်းစကားလေး ပြောချင်ပါတယ်။   ။

ဇော်မျိုး(မြဝတီ)