ပြောင်းဖူးမှရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ပြောင်းဖူးမှရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

“ပဝါခြုံလုံပါပေ့၊ ဆံမြိတ်ချလှပါပေ့၊ ကျောက်တန်းစီညီပါပေ့” ဟု အမည်ရသော ပြောင်းဖူးကို သကြားပြောင်း၊ ထောပတ်ပြောင်း၊ ပလို့ပြောင်းနှင့် အနီရောင်ရှမ်းပြောင်းဟူ၍ တွေ့မြင်ကြရပြီး ယေဘုယျအားဖြင့် အဝါမျိုးသည် အချိုဓာတ်ကဲကာ အနီမျိုးသည် အရသာ ဆိမ့်သည်။ ပြောင်းဖူးကို အပြုတ်၊ အသုပ်၊ အကင်၊ အကြော် စသည်ဖြင့် သရေစာစားကြသလို ဟော့ပေါ့အပါအဝင် အချို့ ဟင်းလျာများ တွင်လည်း   ထည့်သုံးလေ့ရှိကြသည်။

ချင်းတောင်တန်းဒေသတွင် ချင်းစော်ဘွား များလက်ထပ်မှစ၍ ယနေ့တိုင် ချင်းရိုးရာ “ဆာဗူးသီး” အဖြစ် နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြသည်။ ပြောင်းဖူးသည် လူသားများအတွက်သာမက တိရစ္ဆာန်များလည်း စားသုံးနိုင်သဖြင့် အချို့အရပ်ဒေသများတွင် ကျွဲ၊ နွားများ ကြီးထွားမှုမြန်ဆန်စေရန်အတွက် ပြောင်းဖူးကျွေးလေ့ရှိသည်။

မြန်မာနိုင်ငံ၌ ပြောင်းသီးနှံကို ရာသီမရွေးသီးထပ်အဖြစ် စိုက်ပျိုးနိုင်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းသာမက ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများ၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့၌ လှိုင်လှိုင်ထွက်နေပြီး မကြာမီကာလတွင်  နေပြည်တော်၊  တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များမှာလည်း ပြောင်းများ စတင်ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ပြောင်းဖူးနှင့် ကျန်းမာရေး

  • ပြောင်းဖူးထဲတွင်ပါရှိသော သဘာဝကော်ရည်ကစီဓာတ်ပေါင်းစုနှင့် အမျှင်ဓာတ်များသည် လူ့ခန္ဓာကိုယ်ထဲရှိ ဂလူးကို့ကို   ပုံမှန်ဖြစ်စေကြောင်း၊ သွေးထဲရှိ သကြားဓာတ်ပမာဏကို လျော့ကျစေကြောင်း၊ ပြောင်းဖူးမကြာခဏစားသော  အမျိုးသမီး များတွင် ဆီးချိုရောဂါဖြစ်နိုင်ခြေကို  အလားအလာ  ၃၀  ရာခိုင်နှုန်းလျော့နည်း ကြောင်း၊ အထူးသဖြင့် ပြောင်းဖူးငချိပ် ခေါ် ခရမ်းရင့်ရောင်ပြောင်းဖူးသည် ဆီးချိုရောဂါကို ဘေးဥပဒ်ကင်းဝေးစွာဖြင့် ကုသပေးနိုင်ကြောင်း ဂျပန်နိုင်ငံ၏  Biochemical and Biophysical Research Communications မှ ဖော်ပြထားသည်။
  • ဆီးအိမ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ကျောက်ကပ်နှင့်ဆိုင်သော ရောဂါအမျိုးမျိုးတို့ကို ကုသပေးနိုင်စွမ်းရှိသည်။ အထူးသဖြင့် ပြောင်းဖူးပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် ဆီးရွှင်စေသည်။
  • ပြောင်းဖူးသည် ကောက်နှံပင်များထဲတွင် ကယ်လိုရီဓာတ်အမြင့်မားဆုံးဖြစ်၍ လူကိုခွန်အားဖြစ်စေရုံသာမက ၎င်းထဲတွင် ပါရှိသော ဗီတာမင်ဘီဓာတ်ပေါင်းစုသည် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကူညီပေးသဖြင့် သက်လုံကောင်း စေပါသည်။
  • ပြောင်းဖူးထဲတွင်ပါရှိသော အဆီဓာတ်သည် ခန္ဓာကိုယ်ထဲရှိမကောင်းသော ကိုလက်စထရောကိုလျှော့ချပေးနိုင်ကြောင်း အမေရိကန်ထုတ် Nutritional Biochemistryဆေးဂျာနယ်တွင် ဖော်ပြထားသည်။ ထို့ပြင် ချေဖျက်လွယ်သော အမျှင်ဓာတ် အမြောက် အမြားပါရှိပြီး ကိုလက်စထရော ကျစေသဖြင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ စားသုံးပေး သင့်သည်။
  • အထူးသဖြင့် ပြောင်းဖူးငချိပ်သည် အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။ ထောပတ်မပါသော သဘာဝပြောင်းဖူး ပေါက် ပေါက် တစ်ခွက်စာပမာဏထဲတွင် ၁၅ ကယ်လိုရီမျှသာပါရှိသဖြင့် နေ့လယ်စာမစားခင် သရေစာအဖြစ် ပြောင်းဖူး ပေါက် ပေါက် တစ်ခွက်စာ ကြိုတင်စားသုံးခြင်းဖြင့် ဆာလောင်မွတ်သိပ်မှုနှင့် အစာစားလိုစိတ်ကို လျော့နည်းသွားသည့်အတွက် ကိုယ်အလေးချိန်ကျလိုသူများ အထောက်အကူဖြစ်စေနိုင်သည်။
  • ပြောင်းဖူးအဆီထဲတွင်ပါရှိသော မပြည့်ဝဆီသည် နှလုံးသွေးကြောများကိုသန်မာစေပြီး နှလုံးသွေးစီးဆင်းမှုကို အထောက် အကူပြုကာ နှလုံးကျန်းမာ စေကြောင်း၊ မကောင်းသည့် ကိုလက် စထရောအဆင့်များကို ကျဆင်းစေနိုင်ပြီး သွေးကြော များကို သန့်စင်စေကာ သွေးခဲပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ နှလုံးရောဂါနှင့်ဆက်စပ်သော လေဖြတ်ခြင်း ကိုလည်း မဖြစ်စေနိုင်ကြောင်း ကနေဒါနိုင်ငံရှိ ဆေး သိပ္ပံပညာရှင်များက ယခုလိုအကြံပြုထားသည်။ ထိုအဆိုကို ဘော့စတွန် ရှိ သူနာပြုအဖွဲ့မှလည်း အတည်ပြု ထောက်ခံထားသည်။
  • အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို အကျိုးပြုစေနိုင်သဖြင့် ကလေးငယ်များအား ပြောင်းဖူးကျွေးသင့်ပါသည်။
  • ပြောင်းဖူးထဲတွင် ဗိုက်တာမင်ဘီ-၁၂ နှင့် ဖောလစ်အက်စစ်တို့ ကြွယ်ဝစွာပါရှိနေသည်။ ထိုအစွမ်းသတ္တိများက သံဓာတ် ဆုံးရှုံးမှုကြောင့်   ဖြစ်ပေါ်လာသော  သွေးအားနည်းရောဂါကို ကာကွယ်တားဆီးပေးနိုင်ခြင်း၊ မျိုးပွား ခြင်းကို အထောက်အပံ့ ပေးခြင်း စသည်တို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအားအတွက် ပြောင်းဖူးက လွန်စွာ ကောင်းကျိုးပြုပေးနိုင်ပါသည်။ ထို့ပြင် ပြောင်းဖူးက ကိုယ်ဝန်သည်များ သွေး တိုးခြင်းနှင့် သွေးဆိပ်တက်ကာ ခြေ၊ လက်ဖောရောင်ခြင်းတို့ကို သက်သာ စေသည့်အပြင် ပြောင်းဖူးစားသုံးခြင်းဖြင့် မွေးဖွားလာမည့် ရင်သွေးငယ်အတွက် ဆဲလ်တည်ဆောက်မှုကို အားဖြည့်ပေး ပါသည်။  အကျိုးရလဒ်အဖြစ် ပေါင်မပြည့်သော ကလေးငယ်အဖြစ် မမွေးဖွားလာစေနိုင်တော့ပေ။ ထို့ပြင် ကလေးငယ်၏ အာရုံကြောအဖွဲ့အစည်းကို လည်းတိုးတက်ကောင်းမွန်စေပါသည်။
  • ပြောင်းဖူးထဲတွင်ပါရှိသော ဗီတာမင်ဘီဝမ်းသည်  ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး မှတ်ဉာဏ်နှင့် သိမြင်နိုင်စွမ်း ရည်တို့ကို  တိုးတက် ကောင်းမွန်စေသည်။ ထို့ပြင် အယ်လ်ဇိုင်းမား ခေါ် ဦးနှောက်အကြိုဇရာရောဂါဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်ပါသည်။
  • Cornell University ၏ လေ့လာ စမ်းသပ်ချက်များအရ ပြောင်းဖူးထဲ တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိခြင်းကြောင့်    ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ဖရီးရယ်ဒီကယ်လ်များကိုတိုက်ထုတ်ပေးပြီး ကင်ဆာရောဂါအမျိုးမျိုးမှလည်း ကာကွယ် ပေးနိုင်သည်။ အူလမ်းကြောင်းတစ်လျှောက် အဆိပ်အတောက်များ   ဖယ်ရှားပေးသည့်အပြင် အူထဲရှိအကျိုးပြု ဗက်တီး ရီးယားများကို အထောက်အပံ့ဖြစ်စေသည့်အတွက် အူကင်ဆာ မဖြစ်စေနိုင်ပေ။
  • အရွယ်ရောက်ပြီးသူ လူတစ်ယောက် တစ်နေ့တာ အမျှင်ဓာတ်လိုအပ်ချက် ၁၈ ဒသမ ၄ ရာခိုင်နှုန်းကို ပြောင်းဖူး တစ်ခွက်စာမှ ရရှိနိုင်ပါသည်။ ပြောင်းဖူးစားခြင်းက အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းပျော့ပျော့ သက်စေနိုင် သဖြင့် လိပ်ခေါင်းနှင့် အူမကြီး ကင်ဆာတို့ကို မဖြစ်စေနိုင်ကြောင်း ကနေဒါ  ဆေးသိပ္ပံပညာရှင်များက အကြံပြုထားသည်။
  • Beta Cryptoxanthin ဓာတ်ပါဝင်သောကြောင့် ပြောင်းဖူးကို ပုံမှန်စားပေးပါက အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင်နှုန်း လျော့ကျစေပါသည်။ ရင်သားနှင့် အသည်းကင်ဆာအကျိတ်များ ကြီးထွားလာမှုကိုလည်း ဟန့်တား ပေးနိုင်သည်။
  • ပြောင်းဖူး  ပုံမှန်စားသူများအတွက် သက်ကြီးရောဂါ အရိုးကျိုးခြင်း၊ အက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။
  • ပြောင်းဖူးအဆီထဲတွင်ပါရှိသော Linoleic အက်စစ်နှင့် ကစီဓာတ်တို့သည် အသားအရေကို ချောမွေ့စေပြီး အဖုအပိမ့်၊ အနီစက်များမဖြစ်စေပေ။ အထူးသဖြင့် ပြောင်းဖူးအနီမျိုးတွင် ကျန်းမာရေးကို အထောက်အကူပြုစေသော ဓာတ်များ ပါဝင်သဖြင့် ယခု အခါ အလှကုန်ပစ္စည်းများနှင့် အရွယ်တင်နုပျိုစေသော ဆေးဝါးပစ္စည်းများတွင် ထည့်သွင်း အသုံးပြု နေကြသည်။
  • ပြောင်းဖူးကဲ့သို့  အဝါရောင်တောက်တောက် ဟင်းသီးဟင်းရွက် သစ်သီး ဝလံများထဲတွင် ဗီတာမင်အေကြွယ်ဝစွာ ပါရှိခြင်း ကြောင့် မျက်စိကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်စေပါသည်။ နိုင်ငံတကာ စိုက်ပျိုးရေးသုတေသနပညာရှင်အဖွဲ့၏ မှတ်တမ်းများအရ ပြောင်းဖူးသည် အသက်ကြီး၍ အမြင်အာရုံခံလွှာ  ပျက်စီးခြင်းနှင့် အတွင်းတိမ်ရောဂါတို့ကို  ကာကွယ်ပေး နိုင်ကြောင်း၊ မွေးရာပါကလေးများ မျက်စိကွယ်ခြင်းကို တားဆီးနိုင်ကြောင်း အကြံပြုထားသည်။
  • ပြောင်းဖူးတွင် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်သော Ferulic အက်စစ် များစွာပါရှိသဖြင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု ကို လျော့ကျစေသည်။
  • ပြောင်းဖူးထဲတွင်ပါရှိသော ဘိုင်အိုတင်(Biotin)ဓာတ်က ဆံသားများကို ကျန်းမာသန်စွမ်းစေသော အာနိသင်ရှိသည်။
  • ဟင်းသီးဟင်းရွက်၊ အသီးအနှံများ၌ တွေ့ရခဲသော ရှားရှားပါးပါး ဗီတာမင်ဘီ-၅  ကို  ပြောင်းဖူးတွင်တွေ့ရပြီး ၎င်းဓာတ်က ကျောက်ကပ်၏ အပေါ်ဘက်နားရှိ အက်ဒရီနယ်ဂလင်းမှ မျိုးပွားဟော်မုန်းများ ထွက်ရှိလာခြင်းကို အားပေးသဖြင့်   သားသမီး ယူရန် ကြိုးစားနေကြသော မိဘလောင်းများ ပြောင်းဖူးကို နေ့စဉ်စားပေးသင့်ပေသည်။

ပြောင်းဖူးဖြင့် အသားအရေထိန်းသိမ်းနည်း

  • ပြောင်းဖူးမှုန့်အနည်းငယ်ကို လိမ်းနေကျ Cleanser ဖြင့် ပျစ်နေအောင်နယ်ပါ (အကယ်၍လိုအပ်ပါက ရေနည်းနည်း ထည့်ပါ) ထိုအရောအနှောတို့ကို မျက်နှာပေါ်တွင် စက်ဝိုင်းပုံသဏ္ဌာန် ဖြည်းဖြည်းချင်းအထဲသို့စိမ့်ဝင်အောင် လိမ်းပေးပြီး နောက် ဆယ်မိနစ်ခန့်အကြာတွင်ရေနွေးဖြင့် ဆေးကြောသန့်စင်ပါ။ ထိုနည်းအတိုင်း တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိ မှဲ့ခြောက်နှင့် ဆားဝက်ခြံများ ပျောက်ကင်းပြီး အသားအရေနူးညံ့ကာ ဝင်းမွတ်စိုပြည်လာပါလိမ့်မည်။
  • ခန္ဓာကိုယ်အသားအရေအတွက် ပြောင်းဖူးကို   Scrub   အဖြစ်အသုံးပြုနိုင်သည်။   ပြောင်းဖူးမှုန့်   သို့မဟုတ် အစေ့ထုတ် ပြီး ထောင်းထုကြိတ်ထားသော ပြောင်းဖူးဖတ်များကို မိမိသုံးနေကျ ကိုယ်တိုက်ဆပ်ပြာတစ်ခုခုဖြင့်ရော၍ ခန္ဓာကိုယ် အနှံ့ပွတ် တိုက်ပေးခြင်းဖြင့် အံ့ဖွယ်ကောင်းအောင် နူးညံ့ပျော့ပျောင်းသော  အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

မှတ်ချက်

(က) ပြောင်းဖူးကို ချက်ပြုတ်ကြော်စားခြင်းထက် ဆီအရောအနှောမပါဘဲ ပြုတ်စားခြင်းနှင့် စွပ်ပြုတ်သောက်ခြင်းတို့သည် ကျန်းမာရေးနှင့် ပိုမိုညီညွတ်သည်။ (ခ) ပြောင်းဖူးထဲရှိ သဘာဝအချိုဓာတ်ထွက်လာစေရန်  ပြောင်းဖူးပြုတ်သောအခါ ဆားအနည်း ငယ်ထည့်ပြီး ပြုတ်ပေးသင့်ပါသည်။

သတိပြုရန်

(က) ဝမ်းပျက်နေစဉ် ပြောင်းဖူးလုံးဝမစားသင့်ပါ။ (ခ) မိုက္ကရိုဝေ့နှင့်ပြုလုပ်ထားသော ပေါက်ပေါက်များကို ပလတ်စတစ် အိတ်ထဲ ထည့်သောအခါ ထိုပြောင်းဖူးပေါက်ပေါက်မှ Perfl uoro Octanoic Acid(PFOA) ခေါ် ဓာတုဒြပ်ပေါင်း တစ်မျိုး ထွက်ရှိလာပြီး  ခန္ဓာကိုယ်ထဲသို့ ရောက်သောအခါ သားသားမီးမီးရရှိရေးကို အနှောင့်အယှက်ဖြစ်စေသည်။ (ဂ) ဆားများသော ပြောင်းဖူး ပေါက်ပေါက်ကို စားချင်စိတ် လွန်စွာပြင်းပြနေပါလျှင် ထိုလက္ခဏာသည် “သင်ဟာ စိတ်ဖိစီးမှု ခံစားနေခြင်းကို ဖော်ပြနေသည်” ဟုမှတ်ပါ။ ထို့ကြောင့် အလွန်အကျွံမစားသင့်ပေ။

အချုပ်အားဖြင့်ဆိုသော် ဈေးနှုန်းကြီးမြင့်သော အစားအစာများကိုသာ အကောင်းဆုံးအစားအစာဟု လုံးဝမယူဆသင့်ပေ။ ကျန်းမာရေးအတွက် အကောင်းဆုံးအကျိုးပြုမည့် အစားအစာကိုသာ အကောင်းဆုံးအစားအစာဟု မှတ်ယူသင့်ပါသည်။ မည်သည့် အစားအစာမျိုးကိုမဆို ပြုပြင်ဖန်တီးမှုနည်းနည်းနှင့် သဘာဝအတိုင်းစားခြင်းသည် ကျန်းမာရေးအတွက်အကောင်းဆုံး ဖြစ်ပါသည်။ ထို့ကြောင့် ရာသီမရွေး မိမိတို့လက်တစ်ကမ်းတွင် လွယ်လင့်တကူရရှိ နိုင်ပြီး တန်ဖိုးအနည်းငယ်မျှသာပေးဝယ် ရသော အရွယ် သုံးပါးမရွေးအတွက် ကျန်းမာရေးအကျိုးကျေးဇူးများလှသည့် ဆေးဖက်ဝင်ပြောင်းဖူးကို အလေ့အကျင့်လုပ်၍ စားသုံးကြစေ လိုပါသည်။     ။

ပေါက်ပေါက်