ဟားခါးမြို့အတွင်း မြေပြိုကျနိုင်သည့်နေရာများတွင် မြေထိန်းနံရံတည်ဆောက်ခြင်း ဆောင်ရွက်

ချင်းပြည်နယ် ဟားခါးမြို့အတွင်း သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန် ရည်ရွယ်၍  မြေပြိုကျနိုင်သည့် လမ်းမကြီးဘေးမြေနေရာများတွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းများတူးဖော်ခြင်း၊ မြေထိန်းနံရံများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။ ချင်းပြည်နယ် လမ်းဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၈သန်းဖြင့် ဇွန်လပိုင်းကစတင်၍ ဟားခါးမြို့ အတွင်း ဗိုလ်ချုပ်လမ်း၊ ဂေါက်ကွင်းလမ်းဆုံအန္တရာယ်ကွေ့ အထက်ဘက် အလျား ၁၉၇ ပေရှိ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ လမ်းဘေးဝဲ/ယာတစ်လျှောက် ရေမြောင်းတူးဖော် ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အပြင် လူကူးမျဉ်းကျားများ ဖော်ဆောင်ခြင်း၊ Slowdown များထည့်ခြင်း၊ ပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများပါ ဆောင်ရွက်ခြင်း ဖြစ်သည်။

ဟားခါးမြို့သည် ၂၀၁၅ ခုနှစ်က သဘာဝဘေး အန္တရာယ်ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ချင်းပြည်နယ်အတွင်းနှင့် မြန်မာနိုင်ငံအရပ်ရပ်သို့ ပြောင်းရွှေ့အခြေချ နေထိုင်သူဦးရေ များပြားလျက်ရှိရာ ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့သစ်ဧရိယာများ တိုးချဲ့ခြင်း၊ ဒေသခံပြည်သူများအတွက် အိမ်ခြေနေရာများ စနစ်တကျ ဖော်ဆောင်ပေးခြင်းနှင့် သဘာဝ ဘေးကြိုတင်ကာကွယ်နိုင်ရန်  ပြင်ဆင်ခြင်း၊ မြို့တွင်းသွားလာနေထိုင်သူတို့ အန္တရာယ် ကင်းရှင်းစေရန်  ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

ထယ်လ်ဏ