အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ပါဝင်သူတို့၏ စကားသံများ

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ပါဝင်သူတို့၏ စကားသံများ

နေပြည်တော်   အောက်တိုဘာ   ၁၂

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းစဉ်တွင် ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ယနေ့တွင် နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းတွင်  အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

ဒေါက်တာစည်သူ၊ နေပြည်တော်  ဒုတိယပြည်သူ့ကျန်းမာရေး ဦးစီး ဌာန(ရောဂါနှိမ်နင်းရေး)

  နေပြည်တော်ကိုပဲ ယနေ့စထိုးတာပါ။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကတော့ ၁၅၊ ၁၆ ရက်နေ့မှ စမယ်လို့  သိထားပါတယ်။ Sinovac ဆိုတဲ့ ကာကွယ်ဆေး အမျိုးအစားကို ထိုးပေးမှာပါ။  Sinovac ကာကွယ်ဆေးကို ကျွန်တော်တို့မှာပဲ ထိုးနေတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာလည်း ကလေး သန်း ၆ဝ ထိုးပြီးပါပြီ။  ချီလီနိုင်ငံမှာလည်း ကလေးတွေရဲ့ ၈ဝ ရာခိုင်နှုန်းကျော်လောက် ထိုးပြီးပါပြီ။   ကမ္ဘောဒီးယား နိုင်ငံမှာလည်း ၈ဝ ရာခိုင်နှုန်းကျော် ထိုးပြီးသွားပြီ ဖြစ်ပါတယ်။ ဆေးတစ်လုံးကို 1 mgလာပါတယ်။ 0.5 mg ကို ဘယ်ဘက်လက်မောင်းကြွက်သားထဲကို ထိုးသွင်းရတာဖြစ်ပါတယ်။ ဆေးတစ်ဝက်ကို  ကလေးတစ်ယောက်၊ ဆေးတစ်လုံးကို ကလေးနှစ်ယောက်နှုန်းနဲ့ ထိုးမှာပါ။ ဆေးနှစ်ကြိမ်ထိုးမှာပါ။ ယခုထိုးထားတဲ့ ကလေးတွေကို နောက်လ ၁ဝ ရက်နေ့နောက်ပိုင်းမှာ ဒုတိယအကြိမ် ထိုးနှံမှာဖြစ်ပါတယ်။  မြို့နယ်ပညာရေးရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ၊ တိုင်းပညာရေးက စုစည်းပေးထားတဲ့ အချက်အလက်တွေအရ    အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားပေါင်း ၈၃၉၆၉ ယောက်ရှိပါတယ်။ အသက် ၁၂ နှစ်နှင့် အထက်ဆိုပြီး ခုမှစထိုးတာပါ။ ကာကွယ်ဆေးဆိုတဲ့ ကိစ္စမှာတော့  ဘေးထွက်ဆိုးကျိုး တချို့ရှိတတ်ပါတယ်။  Sinovac     ဆိုတဲ့ ကာကွယ်ဆေးကတော့     ခုထိပြင်းထန်တဲ့ ဆိုးကျိုးသက်သေ သက်ကာရ မရှိသေးပါဘူး။ ဒါကြောင့်လည်း ရွေးချယ်ပြီးထိုးတာ ဖြစ်ပါတယ်။ ရှေ့ပိုင်းရက်တွေမှာ စောင့်ကြည့် ကာလအနေနဲ့   သုံးရက်လောက်ကိုတော့ လူနည်းနည်းပဲ  စထိုးမှာဖြစ်ပါတယ်။ နောက်ပိုင်း ရက်တွေမှာတော့ တင်ထိုးမှာဖြစ်ပြီး  ၈၃၉၆၉ ယောက်ကို ရက်ပေါင်း ၂ဝ လောက် အချိန်ယူထိုးမယ်လို့ ခန့်မှန်းထား ပါတယ်။ အဓိက ကျောင်းတွေပြန်ဖွင့်ချင်တာ ဖြစ်တဲ့အတွက်  လူအစုလိုက် အပြုံလိုက် ရှိနေတဲ့ စာသင်ကျောင်းတွေကို ဦးစားပေး ရွေးထိုးတဲ့ သဘောဖြစ်ပါတယ်။ ပထမဆုံး အစိုးရကျောင်းတွေကို ဦးစားပေးထိုးမှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတွေကို ထိုးမှာဖြစ်ပြီး တတိယအနေနဲ့ ပုဂ္ဂလိက ပညာသင်ကျောင်းတွေကို ထိုးမှာဖြစ်ပါတယ်။ နောက်ပိုင်း ဆေးရရှိတဲ့အပေါ် မူတည်ပြီး   ပြင်ပက ကလေးတွေကို ဆက်လက်ထိုးပေးမှာ ဖြစ်ပါတယ်။ မြို့နယ်တွေ အလိုက် ဆေးထိုးစုရပ်တွေ ဖွဲ့စည်းထားတာရှိပါတယ်။ နေပြည်တော် တစ်ခုလုံးအနေနဲ့   ဆေးထိုးအဖွဲ့ပေါင်း အဖွဲ့ ၂ဝ ကို ပြည်သူ့ကျန်းမာရေး ဌာနနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးနဲ့ ပေါင်းပြီး ဖွဲ့စည်းထားတာရှိပါတယ်။ နေပြည်တော်ကောင်စီ စီမံအုပ်ချုပ်ရေး အဖွဲ့တွေက လုံခြုံရေးပေးနိုင်တယ်ဆိုတဲ့ ကျောင်းတွေမှာ စုရပ်အဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှာလည်း ကိုဗစ်တိုက်ဖျက်ရေး တစ်ခု အပါအဝင်ဖြစ်ပါတယ်။  ခုထိုးပေးနေတဲ့ ဆေးတွေက ကလေးတွေတင် မဟုတ်ပါဘူး။ လူကြီးတွေကိုလည်း   အခမဲ့ ထိုးပေးနေတာ ဖြစ်ပါတယ်။  ဒီလိုအခမဲ့ ထိုးနှံပေးနေတာကို သေချာလာရောက်ပြီး ကျောင်းသား၊ မိဘ၊ ဆရာသမားများနဲ့ ပေါင်းစပ်ပြီး ဖွင့်လှစ်ထားတဲ့ ဆေးထိုးစုရပ်တွေမှာ လာရောက် ထိုးစေချင်ပါတယ်လို့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်။

ဦးသန်းယု၊   ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊    ဥတ္တရသီရိမြို့နယ်

    အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေနဲ့ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေးထိုးနှံရေးနဲ့  ပတ်သက်ပြီး လုံခြုံရေးပိုင်း၊ စာရင်းရေးသွင်းခြင်း အပိုင်း၊ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ   ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးရပါတယ်။

ကလေးတွေ ကာကွယ်ဆေး ထိုးနှံခွင့်ရရှိရေး အတွက် ကျေးရွာ၊ ရပ်ကွက်တွေမှာ လှည့်ပြီး အသိပညာပေးခြင်း၊ ဗွီနိုင်းပိုစတာများ ချိတ်ဆွဲပြီး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကလေးတွေကာကွယ် ဆေးထိုးနှံနိုင်ရေး အတွက် စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာ ပညာရေးဌာနက ကွန်ပျူတာဖြင့် မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကလေးတွေ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရတော့ သူတို့ရဲ့ ရောဂါတွေ ကင်းရှင်းသွားမယ်၊ သူတို့လေးတွေက ကျောင်းတက်ချင်နေကြတာ ဆိုတော့ သူတို့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကလေးတွေရဲ့ မိဘတွေအနေနဲ့ကတော့ သူတို့ကလေးတွေ ဆေးထိုးခွင့်ရတယ်။ ကျောင်းတက်ခွင့်ရတော့မယ် ဆိုတော့ ကျေနပ်ကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

ဒေါ်ချိုချို၊ ကျောင်းအုပ်ဆရာမကြီး  အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း( ချင်းရွာ)

    ကျွန်မတို့ ကျောင်းအနေနဲ့က ကျောင်းသား၊ ကျောင်းသူလေးတွေ     ကိုဗစ်ကာကွယ် ဆေးထိုးနှံခွင့် ရရှိရေးအတွက် ကျောင်းမှာရှိတဲ့ (ခ)စာရင်းနဲ့ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူတွေ စာရင်းတိုက်ရပါတယ်။  ပြုစုရပါတယ်။ ရလာတဲ့ စာရင်းတွေကို တိုင်းပညာရေးရုံးကို ပေးပို့ရပါတယ်။ ကျောင်းမှ ဆေးထိုးစုရပ်အနေနဲ့  ဆေးထိုးနှံပေးတော့  ပထမဆုံး ကျောင်းသား၊ ကျောင်းသူတွေ လာရောက် ထိုးနှံနိုင်ရေးအတွက် ကိုယ်တိုင် လာရောက်နိုင်သူတွေက  ကိုယ်တိုင်လာကြပါတယ်။ သွားလာရ အခက်အခဲရှိတဲ့ နေရာတွေကိုတော့ School Bus ကားတွေနဲ့  ကြို/ပို့ ဆောင်ရွက်ပေးပါတယ်။  ရောက်လာတဲ့ ကလေးတွေ   အနားယူနိုင်ရန် အတွက် အခန်းများ ပြင်ဆင်ပေးခြင်း၊ ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ပေးခြင်း၊  ဆေးထိုးပြီးတဲ့အခါမှာ   ခေတ္တစောင့်ကြည့်ရန်အတွက် သီးသန့်အခန်းများကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဆောင်ရွက်ပေးထားပါတယ်။ ကလေးတွေခုလို ကိုဗစ် ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့အပေါ်မှာတော့  များစွာဝမ်းသာ ပီတိဖြစ်မိတယ်။ ဘာလို့လဲဆိုရင် ကျောင်းပိတ်ထားရတာလည်း ကြာပြီ၊ ကလေးတွေ ပညာရေးလည်း မနှောင့်နှေးစေချင်ဘူး ကာကွယ်ဆေး ထိုးထားတော့ ရောဂါကင်းကင်းနဲ့ ပညာသင်ကြားခွင့် ရတော့မှာဆိုတော့ ဝမ်းသာပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက်   ကလေးတွေကိုယ်စား  နိုင်ငံတော်အကြီးအကဲများနဲ့  တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒေါ်မြမြမိုး (ကျောင်းသားမိဘ)

    ကလေးတွေ ဆေးထိုးခွင့်ရတော့ ဝမ်းသာတာပေါ့ရှင်၊ ဘာဖြစ်လို့လဲဆိုတော့ ကျောင်း တွေကလည်း  ပိတ်ထားတာကကြာပြီ ကိုဗစ်ရောဂါကြောင့်ပေါ့၊ ကာကွယ်ဆေးထိုးပြီးရင်တော့ ကျောင်းတွေပြန်ဖွင့်မယ်ထင်တယ်။ ဒါကြောင့် ကလေးတွေရဲ့ ပညာရေး အတွက် မျှော်လင့်ချက်လေး ရှိလာပြီလို့ဆို ရမယ်။ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ကလည်း ကိုဗစ်ရောဂါကြီးကရှိနေတော့  အဆင်မပြေဘူးဖြစ်နေတယ်။ ဒီရောဂါကို ကာကွယ်တဲ့ ဆေးထိုးတာဆိုတော့ ကျောင်းတွေမှာ ပညာသင်ခွင့် ရတော့မယ်ဆိုတော့ ကလေးတွေ ကိုယ်စား   မိဘတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်။ ဆေးမထိုးခင်က နည်းနည်းတော့  စိုးရိမ်တာရှိပါတယ်။  ထိုးပြီးတော့လည်း ဘာမှမဖြစ်တော့ စိတ်အေးရပါပြီ။ ကာကွယ်ဆေးထိုးနှံပေးတဲ့ နိုင်ငံတော်အကြီးအကဲများနဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်။

မောင်မြင့်ကြိုင်ဦး၊ စတုတ္ထတန်းကျောင်းသား  အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဗိုလ်ရွေး)

    ကျွန်တော်က ဒီမှာ အသက် ၁၂ နှစ်နှင့် အထက်  ကိုဗစ်ကာကွယ်ဆေး  ပထမဆုံး ထိုးနှံရသူလို့  ဒီကလူကြီးတွေက ပြောကြတယ်။ ဂုဏ်ယူမိပါတယ်။  ဆေးမထိုးခင်ကတော့ ကြောက်တာပေါ့ ဆေးထိုးပြီးတော့ မကြောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် မနာဘူးလေ။   ပြီးတော့ လူတော်တော်များများမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးဆိုတော့   ထိုးလည်း ထိုးသင့်တယ်လို့ထင်တယ်။   သူငယ်ချင်းတွေ အားလုံးလည်း သွားထိုးကြဖို့ သားပြန်သွားရင် အားလုံးကို ပြောမှာပါ။လူကြီးတွေအားလုံးကို   ကျေးဇူးတင်ပါတယ်။

မသွန်းကြည်ဖြူ၊ သတ္တမတန်းကျောင်းသူ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဗိုလ်ရွေး)

    ကိုဗစ်ကာကွယ်ဆေး ထိုးနှံရမယ်ဆိုတော့ စိုးရိမ်သလို ကြောက်သလိုတော့ ဖြစ်တယ်။ ခုတော့အဲတာတွေ မရှိတော့ပါဘူး ဆေးလည်း ထိုးပြီးပါပြီ။   ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီဆိုတော့ ကျောင်းတွေလည်း ဖွင့်တော့မယ်၊ သူငယ်ချင်းတွေ၊ ဆရာ၊ဆရာမတွေနဲ့လည်း   တွေ့ရတော့မယ်၊ စာတွေလည်း သင်ရတော့မယ်လို့  ပြောပါတယ်။ ကျောင်းတက်ချင်နေတာ ကြာနေပြီ။ ဒါကြောင့် ကျောင်းလည်း တက်ချင်နေပါပြီ။ ကာကွယ်ဆေး ထိုးနှံပေးတဲ့ နိုင်ငံတော်က လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျောင်းတွေလည်း  အမြန်ပြန်ဖွင့်စေချင်ပါတယ်။

မောင်ကျော်ဝေယံ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း( ပျဉ်းမနား)

    ဆေးထိုးပေးမယ်လို့ သိရတဲ့အချိန်မှာ အိမ်ကမိဘတွေကို  ခွင့်တောင်းခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်ပါတယ်။ အဖေနဲ့အမေနဲ့ကလည်း ဝမ်းပန်းတသာနဲ့ ခွင့်ပြုခဲ့ပါတယ်။ ကျောင်းတွေလည်း  မကြာခင် ပြန်ဖွင့်တော့မယ်၊  ကာကွယ်ဆေးလည်း  ထိုးပြီးပြီဆိုတော့ ပညာကောင်းကောင်း သင်လို့ရတဲ့အတွက် နိုင်ငံတော်အကြီးအကဲများနဲ့ တာဝန်ရှိသူများကို အထူး ကျေးဇူးတင်ပါတယ်။

မစုသိင်္ဂီ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း(ပျဉ်းမနား)

    သမီးကိုဗစ်ကာကွယ်ဆေး ထိုးရမယ်လို့ သိရတဲ့အချိန်မှာ နည်းနည်းတော့ စိုးရိမ်မိတယ် ။ မိဘတွေကတော့ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးပါတယ်။  သမီးက  ငယ်ငယ်ကတည်းက ဆေးထိုးရမှာ ကြောက်တဲ့သူဆိုတော့ အရမ်းစိတ်ပူမိခဲ့ပါတယ်။ ခုဆေးထိုးပြီးတော့လည်း မကြောက်တော့ပါဘူး။  ဆေးထိုးပြီးတော့ နာရီဝက်ခန့်နားရတယ်၊   စောင့်ကြည့်တဲ့သဘောပေါ့၊ ခန္ဓာကိုယ်မှာ ဘာဖြစ်လဲ ဆိုတာမျိုးပေါ့။ မကြာခင်လည်း ကျောင်းဖွင့်တော့မယ်လို့  သိရပါတယ်၊ ဆေးထိုးပြီးပြီဆိုတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျောင်းပြန် တက်ခွင့်ရတော့မယ်ဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။  ။