ယခုနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲများ ဖျက်သိမ်း

 

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲများကို COVID-19 ရောဂါအခြေအနေကြောင့် ဖျက်သိမ်းလိုက်ကြောင်းကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) မှ ထုတ်ပြန်သည်။

လက်ရှိတွင် ပြိုင်ပွဲကျင်းပမည့် အိမ်ရှင်နိုင်ငံအများစုသည် COVID-19 ရောဂါ  ထိန်းချုပ်နိုင် ခြင်း မရှိသည့် အပြင် လေကြောင်းလိုင်းတချို့ပိတ်ဆို့မှုကြောင့် ပြိုင်ပွဲဝင်နိုင်ငံ အများစု လာရောက်ယှဉ်ပြိုင်ရန် အခက်အခဲရှိသဖြင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဘယ်လ်ဂျီယံ၊ သြစတြေးလျ၊ အီရန်၊ မော်လဒိုက်၊ တရုတ်၊ ပိုလန်၊ ဂျပန်၊ ထိုင်း၊ ခရိုအေးရှား စသည့်နိုင်ငံတို့တွင် ကျင်းပရန်စီစဉ်ထားသော နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ များကို ဖျက်သိမ်းခဲ့ရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲတချို့ကို ပြန်လည် ကျင်းပမည်ဖြစ်သော်လည်း ယင်းပြိုင်ပွဲများ၏ ရလဒ်များကို အိုလံပစ် ဝင်ခွင့်အတွက်  ထည့်သွင်းတွက်ချက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ၂၀၂၁ တိုကျိုအိုလံပစ် ကြက်တောင် ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက် အထိ သတ်မှတ်ခဲ့ပြီး ယင်းကာလလေးလအတွင်း ကျင်းပမည့် ပြိုင်ပွဲပေါင်း ၂၀ ကျော်မှ ရလဒ်များကိုသာတွက်ချက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်မှ  ထုတ်ပြန်ထားသည့် အိုလံပစ်လက်ရည်စစ်ပွဲကာလ လေးလအတွင်း ကျင်းပမည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ အများစုကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း ၎င်း၏ဖခင်  ဦးထွန်းထွန်းဇော်ကပြောသည်။         

ကိုရဲ