ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်နိုင်ရေး . . .

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်နိုင်ရေး . . .

ကူးစက်မှုကာကွယ်ရေးနှင့် ပြန့်ပွားမှုနှုန်းလျော့ကျရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ရေ ပြည့်အောင်စနစ်တကျထိုးနှံရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များ စတင်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးများရရှိရေးအတွက် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိပြီး   ယခုနှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းရှိရမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ သို့ဖြစ်၍  ပြည်သူများအနေဖြင့် မိမိမြို့နယ်၊ ဒေသအတွင်း ကာကွယ် ဆေးထိုးနှံခြင်းများ ဆောင်ရွက်လာပါက ကျန်းမာရေးအသိရှိစွာဖြင့် သွားရောက်ထိုးနှံခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေး ရန်လည်း လိုအပ်သည်။

လူအများစုမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရနိုင်ခြေမြင့်မားနေဆဲ အခြေအနေတွင်ရှိသည်။ ကာကွယ်ဆေးများသည် မိမိတို့၏ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကိုဗစ်-၁၉ ရောဂါပိုးအန္တရာယ်မှ ခုခံတိုက်ခိုက်ရန် မှတ်သားပေးနိုင်သည်။ ပိုမိုကောင်းမွန်သည့် သုတေသနရလဒ်များမှတစ်ဆင့် ကာကွယ်ဆေးထိုးနှံထားမှုသည် ကပ်ရောဂါအခြေအနေမှ လွတ်မြောက်နိုင်ရေးအတွက် အဓိက အခန်းကဏ္ဍဖြစ်ကြောင်း ပြည်သူများသိရှိလာကြသည်။

ဆက်လက်၍ ကာကွယ်ဆေးနှင့်ပတ်သက်သည့် အကြောင်းအရာအနည်းငယ်အား ဖော်ပြလိုသည်။ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား နိုင်ငံအသီးသီးတွင်ထိုးနှံလျက်ရှိပြီး အဆိုပါကာကွယ် ဆေးအမျိုးအစားများအား အခြေခံအားဖြင့် သုံးမျိုး (ဗိုင်းရပ်ပိုးအားနည်းအောင်၊ သေအောင်ပြုလုပ်၍ ကာကွယ်ဆေး ထုတ်လုပ်ခြင်း၊ Recombinant DNA နည်းပညာဖြင့် ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် mRNA နည်းပညာဖြင့် ကာကွယ်ဆေးထုတ်လုပ်ခြင်း) ခွဲခြားနိုင်သည်။

အဆိုပါ ကာကွယ်ဆေးများတွင် Oxford University- AstraZeneca Vaccine အပါအဝင် ဖြစ်သည်။ Oxford University- AstraZeneca ကာကွယ်ဆေးသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်၍သုံးစွဲရန်  အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းသည် ချင်ပန်ဇီများတွင် အဖြစ်များသော အအေးမိရောဂါဖြစ်စေသည့် ဗိုင်းရပ် ပိုးတစ်မျိုးအား အားနည်းအောင်ပြုလုပ်ပြီး ၎င်းဗိုင်းရပ်မှတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ရောဂါကာကွယ်နိုင်စွမ်းရှိသည်။

အဆိုပါ ကာကွယ်ဆေးသည် အလွန်အေးသော အခြေအနေတွင် ထားသိုရန်မလိုအပ်ဘဲ 2-8.Cတွင်သာ ထားရှိသုံးစွဲနိုင်ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ထားသိုရန်နှင့် သယ်ယူပို့ဆောင်ရန်အတွက် ခက်ခဲမှုမရှိနိုင်ကြောင်း သိရှိရသည်။ ရုရှားနိုင်ငံမှ ထုတ်လုပ် သည့်  Sputnik V ကာကွယ်ဆေးသည် Oxford University- AstraZeneca ကာကွယ်ဆေးကဲ့သို့ပင် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ၉၂ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရှိရသည်။

အသက်အရွယ်ကြီးရင့်သူများသည် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားနိုင်သည် အန္တရာယ်အမြင့်ဆုံးရှိသူများဖြစ်သည်။ ယူကေနိုင်ငံတွင် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရမည့်သူများကို ဦးစားပေးထိုးနှံပေးပြီး ထို့နောက်တွင်မှ ကျန်းမာရေးဝန်ထမ်းများ အထူးသဖြင့် ဆေးရုံဝန်ထမ်းများနှင့် အသက် ၈၀ အထက်ရှိသူများအား ဆက်လက်ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့လူဦးရေ အများအပြားအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် သန်းထောင်နှင့်ချီသော ကာကွယ်ဆေးများ အမြန်ဆုံး ထုတ်လုပ်နိုင်ရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ကမ္ဘာ့လူဦးရေ၏ ၆၀-၇၀ ရာခိုင်နှုန်းခန့်အား  ထိရောက်မှုရှိသော ကာကွယ်ဆေးများ ထိုးနှံပေးရန်လိုအပ်သည်။

ကာကွယ်ဆေးထိုးနှံခြင်းကို တုံ့ပြန်မှုမှာလူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် သက်ကြီး ရွယ်အိုများအတွက် ပြဿနာမရှိနိုင်ပါ။

ယေဘုယျအားဖြင့် ဆေးပတ်လည်အောင်ထိုးရန်လည်းလိုအပ်ပါသည်-

  • နှစ်ကြိမ်ထိုးရမည့် ကာကွယ်ဆေးများအတွက် နှစ်ကြိမ်လုံးထိုးပြီးနောက် နှစ်ပတ်အကြာ (ဥပမာ- Oxford University- AstraZeneca ဆေးများ)
  • တစ်ကြိမ်သာထိုးရမည့်   ကာကွယ်ဆေးများအတွက် တစ်ကြိမ်ထိုးပြီးနောက်နှစ်ပတ်အကြာ (ဥပမာ - Johnson & Johnson's Janssen ဆေးများ)

မည်သည့်အသက်အရွယ်မျိုးတွင်မဆို အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် မပြည့်မီသေးလျှင် ဆေးပတ်လည်အောင် ထိုးပြီးသူဟု မယူဆနိုင်ပါ။ သို့ဖြစ်သောကြောင့် ဆေးပတ်လည်အောင် ထိုးပြီးသည်အထိ ကိုဗစ်စည်းမျဉ်းစည်းကမ်းများအတိုင်း ကာကွယ်လိုက်နာ ဆောင်ရွက်ပါ။

ကာကွယ်ဆေး ဆေးပတ်လည်အောင်ထိုးပြီးပါက ဆက်လက်လိုက်နာရမည့် အချက်များကို သတိပြုစေလိုသည်။ လုပ်ငန်းခွင်တွင် လိုက်နာရမည့် ကျန်းမာရေး စည်းကမ်းများကို ဆက်လက်လိုက်နာရမည်။ ခရီးသွားလျှင် မိမိကိုယ်ကိုနှင့် အခြားသူများကို ကာကွယ်ရန် အတွက် စနစ်တကျဆောင်ရွက်ရမည်။ လေယာဉ်၊ ဘတ်စကား၊ ရထားနှင့် အခြားသော အများပြည်သူ ပို့ဆောင် ဆက်သွယ်ရေး ယာဉ်များကို အသုံးပြုလျှင် Mask တပ်ပါ။ ပြည်ပထွက်ခွာမည့် လေဆိပ် သို့မဟုတ် ကားဂိတ်၊ ရထားဂိတ်များတွင် လည်း Mask တပ်ပါ။

ဖျားနာသူများအနီးတွင် နေခဲ့မိသည်ဆိုလျှင် ကိုဗစ်ရောဂါလက္ခဏာများ မိမိတွင်ပေါ်လာခြင်း ရှိ၊ မရှိကို သေချာသတိထား စောင့်ကြည့်သင့်သည်။ အကယ်၍ ကိုဗစ် လက္ခဏာများပြပြီး ဖျားနာလာပြီဆိုလျှင် ဆေးစစ်ပြီး လူအများနှင့်ဝေးရာ မိမိအိမ် အတွင်းတွင်ပင် နေထိုင်သင့်သည်။ ခန္ဓာကိုယ်ခုခံကာကွယ်ရေးစနစ် (Immune System) ကို အားနည်းစေသည့် ဆေးဝါးများ သောက်သုံးနေရသူ သို့မဟုတ် ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်လျှင် ဆေးပတ်လည်အောင်ထိုးပြီးသည့်တိုင် အပြည့်အ၀ အကာ အကွယ်ရမည်မဟုတ်ပါ။ သို့ဖြစ်ပါသောကြောင့် ဆရာဝန်များနှင့်တိုင်ပင်ပြီး ကိုဗစ်စည်းမျဉ်း စည်းကမ်းများအတိုင်း ဆက်လက် လိုက်နာဆောင်ရွက်ပါ။

ကိုဗစ်ကာကွယ်ဆေးများသည် ကိုဗစ်ရောဂါကို ကာကွယ်ရာတွင် ထိရောက်မှုရှိပြီး အထူးသဖြင့် ပြင်းထန်စွာဖျားနာခြင်းနှင့်   သေဆုံးခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ ကိုဗစ်ကာကွယ်ဆေးများက ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကို လျော့ကျစေသည်။ သို့ဖြစ်ရာ နိုင်ငံတော်မှ တာဝန်ယူထိုးနှံပေးရာတွင် ဦးတည်အုပ်စုများခွဲခြား၍ ထိုးနှံခြင်း၊ ကာကွယ်ဆေးများအား မိတ်ဖက်နိုင်ငံများမှ တစ်ဆင့်ရနိုင်သမျှ နည်းလမ်းများဖြင့်  မှာယူတင်သွင်းဝယ်ယူခြင်း၊ နိုင်ငံအချို့မှ လှူဒါန်းပေးခြင်းများ၊ မိမိနိုင်ငံအတွင်း Ready to Fill Bulk စနစ်ဖြင့် လုံလောက်သော ပမာဏထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိခြင်း စသည့်နည်းလမ်းများစွာဖြင့် ကြိုးပမ်း လျက်ရှိကြောင်း တွေ့ရနိုင်သည်။ အခြေခံအကျဆုံးသော အချက်မှာ ပြည်သူတိုင်း ကာကွယ်ဆေးပြည့်မီအောင် ထိုးနှံနိုင်ရေးပင် ဖြစ်သည်။

ပြည်တွင်း ပုဂ္ဂလိကဆေးရုံကြီးများကလည်းအဆိုပါ ရည်ရွယ်ချက်ပြည့်မီစေရန် နိုင်ငံတကာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနများ၏ တရားဝင်ခွင့်ပြုချက်ရရှိပြီး ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ နိုင်ငံအတွင်းရှိ ကာကွယ်ဆေးထိုးနှံရေးစီမံချက်အရ ဦးစားပေးအုပ်စုအလိုက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် ဦးတည်အုပ်စုတွင် မပါဝင်သေးသော်လည်း မိမိတို့၏ နေ့စဉ်လုပ်ငန်းခွင်များတွင် ဆောင်ရွက်နေကြသည့် အချို့အသက်အုပ်စုများ အတွက် အဆိုပါ ဆေးရုံများတွင် စနစ်တကျထိုးနှံနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်လာကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်သူများတွင် လူတန်းစားမျိုးစုံနေထိုင်ကြသည့်အနက် ငွေကြေးတတ်နိုင်သည့် လူတန်းစားများအနေဖြင့် ယုံကြည်စိတ်ချရသော ကာကွယ်ဆေးများအား မိမိတတ်နိုင်သည့်နည်းလမ်းများဖြင့် လျင်လျင်မြန်မြန် ထိုးနှံမည်ဆိုပါက Herd Immunity အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရသည်။ ထိုသို့ ကာကွယ်ဆေးများအား ရွေးချယ်ထိုးနှံရာတွင် မည်သည့် ကာကွယ်ဆေး အမျိုးအစားမဆို ကြိုတင် သိရှိလေ့လာသင့်သည့်အချက်အနည်းငယ်ရှိသည်-

  • မိမိသွားရောက်ထိုးနှံမည့် ဆေးရုံအားထိုးနှံပေးမည့်ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီမှ တိုက်ရိုက်တင်သွင်းထိုးနှံနိုင်မှု နှစ်ဦးသဘောတူ အထောက်အထားရှိရန်လိုအပ်သည်။ သို့မှသာ ကာကွယ်ဆေးများ ရောင်းချသည့် ဈေးကွက်အတွင်း တစ်ဆင့်ခံရောင်းချခြင်းများကြောင့် ကာကွယ်ဆေး၏အာနိသင်ထိရောက်မှု အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။
  • အသုံးပြုမည့်ကာကွယ်ဆေးအား အခြားနိုင်ငံအသီးသီး၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနများ၏ တရားဝင် ခွင့်ပြုချက် လက်မှတ်များရရှိထားမှုကိုလည်း လေ့လာရန်လိုအပ်သည်။
  • အသုံးပြုမည့်ကာကွယ်ဆေးအား သုတေသနဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ရလဒ်များကို သုံးသပ်ရမည်။
  • အဆိုပါကာကွယ်ဆေးများ သယ်ယူပို့ဆောင်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ပြီး ဆေးရုံများတွင် သတ်မှတ်ချက်များ နှင့်အညီ သိုလှောင်သိမ်းဆည်းထားခြင်းရှိရမည်။
  • ကာကွယ်ဆေးထိုးနှံရာတွင်လည်း ထိုးနှံမည့်သူအား ယခုထိုးနှံမည့် ကာကွယ်ဆေးအကြောင်းကို စနစ်တကျ ရှင်းလင်း ရပါမည်။
  • ကာကွယ်ဆေးထိုးနှံပြီးနောက် ကာကွယ်ဆေးကြောင့် အန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ပေးပြီး အရေးပေါ်ဆက်သွယ်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိရမည်။
  • ထိုးနှံပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြု ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်/ ကတ်ပြားထုတ်ပေးရမည်။ ထိုသို့ဆောင်ရွက်မှသာ Vaccination Management Information System အသုံးပြုသည့် National Database အတွင်း ဖြည့်သွင်းပါဝင်နိုင်မည်ဖြစ်သည်။

အထက်ပါအချက်များအား ကာကွယ်ဆေးထိုးနှံရာတွင် ပြီးပြည့်စုံအောင်ဆောင်ရွက်ရမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံပေးနိုင်သည့် ပုဂ္ဂလိကဆေးရုံများ အနေဖြင့်လည်း စနစ်တကျလိုက်နာသင့်ကြောင်း သတိပေးလိုသည်။ ဤကဲ့သို့ နိုင်ငံသားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတတ်စွမ်းနိုင်သည့်နေရာမှ ဖြည့်ဆည်းပေးပါက ကပ်ရောဂါအန္တရာယ်မှ အမြန်ဆုံးကင်းဝေးနိုင်မည်မှာ မလွဲဧကန်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။  ။

ဒေါက်တာကျော်စိုးထွန်း

(ဥပဒေဆေး)