စားရေရိက္ခာဖူလုံရေး အားပေးဆောင်ရွက်

စားရေရိက္ခာဖူလုံရေး အားပေးဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၆  ရက်)

နိုင်ငံတော်အစိုးရ၏စီးပွားရေးမူဝါဒသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးတို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေ၌ တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးကိုဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုဖွဲ့စည်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကို ခေတ်မီ နည်းစနစ်များနှင့် ထိထိရောက်ရောက် အစုအဖွဲ့လိုက်စုပေါင်းဆောင်ရွက်နိုင်ရေး၊ အကူအညီထောက်ပံ့ပေးနိုင်ရေးကို နိုင်ငံတော်က လုပ်ဆောင်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံအချို့တွင်စားနပ်ရိက္ခာမလုံလောက်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယထူပြောမှုများနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်ပ အကူအညီကို မျှော်လင့်နေကြရသည်။ ထိုသို့သောဒုက္ခမျိုးကိုမြန်မာနိုင်ငံတွင်လုံးဝမကြုံတွေ့စေရေးအတွက် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို လက်တွေ့ကျကျလုပ်ဆောင်နေခြင်းဖြစ်သည်။ ရေရှည်အနေဖြင့် ခေတ်မီစိုက်ပျိုး မွေးမြူရေး အတွက်  လူ့စွမ်းအားအရင်းအမြစ်များရရှိရေး စိုက်ပျိုးမွေးမြူရေးကျောင်း၊ သိပ္ပံ၊ ကောလိပ်များ ဒေသအလိုက် တိုးချဲ့ဖွင့်လှစ် ဆောင် ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့အခြေခံစားရေရိက္ခာဖြည့်တင်းပေးနိုင်သောနိုင်ငံအဖြစ် ရေရှည် စီမံချက်ထားဆောင်ရွက်လျက်ရှိသည်။

စားရေရိက္ခာမလုံလောက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌သာ ကြုံတွေ့နေရသည့် ပြဿနာမဟုတ်ဘဲ ချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများ တွင်လည်းကြုံတွေ့နေရသည်။ ဝင်ငွေထွက်ငွေမမျှတမှုနှင့် ဘေးအန္တရာယ်ကျရောက်ခံစားရမှုများကြောင့် စားရေရိက္ခာ မပြည့်မစုံဖြစ် နိုင်သည်။ လူဦးရေတိုးပွားလာမှု၊ သီးနှံအထွက်နှုန်းထိခိုက်စေသည့်ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း အားနည်းမှုများကြောင့် ကမ္ဘာတွင်စားရေရိက္ခာမလုံလောက်မှု အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွား နေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ထိထိရောက်ရောက် ဆောင်ရွက်နေသကဲ့သို့ ထိုကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားဆောင်ရွက်ပေးလျက်ရှိသည်။  လူတိုင်းသည်အူမတောင့်မှသီလစောင့်နိုင်ကြမည်ဖြစ်သည်။ လူတိုင်းတွင်ရှိသင့်သော အားအင် များရှိရန်မှာ အစားအစာကိုဝလင်အောင်စားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကပင် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်ပေရာ စားရေရိက္ခာနှင့်ပတ်သက်လျှင် ငတ်မွတ် ခေါင်းပါးသော ဘေးမျိုးကြုံတွေ့ရခြင်းမရှိသလောက်နည်းပါးလှသည်။ မြန်မာနိုင်ငံ၏လက်ရှိလူဦးရေ၊ တိုးပွားလာမည့် လူဦးရေတို့ကို တွက်ဆ၍ စားရေရိက္ခာပိုလျှံမှုရှိအောင် နိုင်ငံတော်အစိုးရက မြော်တွေးလုပ်ဆောင်လျက်ရှိသည်။ ကုလသမဂ္ဂကချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၂၀၁၆-၂၀၃၀) ပန်းတိုင်(၁၇)ရပ်တွင် ပန်းတိုင်(၂)သည် “ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝမှုတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်စိုက်ပျိုးဖြစ်ပေါ် တိုးတက်စေရေး” ပင်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများအား အောက်တိုဘာ ၁၀ ရက်နေ့ကတွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင် “ထုတ်လုပ် သည့် စားသောက်ကုန်များအားလုံး အရည်အသွေးကောင်းမွန်စွာနှင့်ဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှဝယ်ယူ စားသုံးမှုကို လျှော့ချနိုင်ကြောင်း၊ စားသောက်ကုန်သီးနှံများအား ရာသီချိန်အလိုက်ထုတ်လုပ်၍အထွက်နှုန်းများကောင်းမွန်ပြီး ပြည့်ဝစွာရရှိအောင် ဆောင်ရွက်နိုင်ရေး လူတစ်ဦးချင်း အခြေခံလိုအပ်ချက်ကို တွက်ချက်ကာ တိုင်းဒေသကြီး တစ်ခုလုံးဖူလုံအောင် စီမံဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို  နမူနာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

လူတိုင်းစားသောက်ရေးအဆင်ပြေခြင်းသည် နိုင်ငံ၏စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် အချိန်ကာလ၌ ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် နိုင်ရေးအတွက်     တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးလျက်ရှိပါသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံသည်တိုင်းပြည်သာယာဝပြော၍ စားရေရိက္ခာဖူလုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်းရေးသားလိုက်ရပေသည်။  ။