ရိုးသားစစ်မှန်သည့် စိတ်ရင်းစေတနာဖြင့်

ရိုးသားစစ်မှန်သည့် စိတ်ရင်းစေတနာဖြင့်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၇  ရက်)

တပ်မတော်သည် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်တန့်ပေးထားသည့် ထုတ်ပြန်ချက်များကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ကာ ၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၃ဝ ရက်အထိ အကြိမ် ၂ဝ တိုင်တိုင် ထုတ်ပြန်ပေးထားပြီးဖြစ်သည်။ လာမည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် မြန်မာနိုင်ငံ၏ (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်သည်။ ထိုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ငန်းများအား ပိုမိုတိုးမြှင့် အကောင်အထည် ဖော်နိုင်ရန်အတွက် ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ ထပ်မံတိုးမြှင့်လျက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်စဲပေးထားပါသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေး ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို  တည်ဆောက်နိုင်ရေးနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား လုပ်ဆောင်ရေးကိုလည်း နိုင်ငံရေး ဦးတည်ချက်များအဖြစ် ထားရှိဆောင်ရွက်နေပါသည်။

၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်း  (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ NCA လက်မှတ်ရေးထိုးထားသော  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA တွင်ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကို အလေးထား လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်စဲပေးထားခြင်းလည်း ဖြစ်ပါသည်။

တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး NCA ပါဝင်လက်မှတ် ရေးထိုးကြမည်ဆိုပါက တိုင်းပြည်သာယာ ဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ပေးပို့သည့် သဝဏ်လွှာတွင် ''အစိုးရ

များ မည်မျှပင်ပြောင်းပြောင်း မိမိတို့နိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံပင်ဖြစ်သည်။ အစိုးရနှင့်နိုင်ငံတော်ကို ယုတ္တိကျကျ ခွဲခြားမြင်နိုင်ဖို့လိုပါသည်။ အစိုးရဆိုသည်ထက် မိမိတို့အားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံ အပေါ် သစ္စာရှိရန်၊ နိုင်ငံတော်ငြိမ်းချမ်းရေး အတွက် ရိုးသားစစ်မှန်သည့် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ရန်သည် အဓိကဖြစ်သည်။ အားလုံးက We are Myanmar ဆိုသည့်စိတ်ဓာတ်အပေါ် အရင်းခံစေလိုပါသည်။ထို့ကြောင့် NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ် ပိုမိုခိုင်မာစေရေး၊ NCA စာချုပ်၌ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် လက်ရှိအခြေအနေထက် ပိုမိုသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်ရေး၊ ထို့နောက် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထပ်မံ၍လေးနက်စွာ ဖိတ်ခေါ်ပါသည်'' ဟူ၍ ဖော်ပြထားသည်။

မြန်မာတိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်း များစွာကပင် ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့ကြသူများ ဖြစ်ကြသည်။ အရေးကြီးလျှင် သွေးစည်း၍ အရေးကြုံလျှင် သွေးဆုံကြပါသည်။ ညီညွတ်ခြင်းသည် အင်အားဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် ညှိနှိုင်းအဖြေရှာကြမည်ဆိုလျှင် ကောင်းမွန်သော အဖြေတစ်ခုရရှိမည်မှာ ဧကန်ဖြစ်ပါသည်။ ဘေးကသွေးထိုးနေသော စကားများကို မယုံကြည်ဘဲ မိမိတို့ကိုယ်တိုင် ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် ဝင်ထိုင်ကာ  ညှိနှိုင်းအဖြေရှာကြရပေမည်။  လက်ရှိအစိုးရအား ရွေးကောက်ခံ အစိုးရမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန် မလိုဟူသည့် အယူအဆသည် ငြိမ်းချမ်းရေး ပန်းခင်းလမ်းအတွက် ဆူးငြောင့်သဖွယ်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။

ရာနှုန်းပြည့် အောင်မြင်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိသည်။ ငြိမ်းချမ်းရေး အောင်မြင်လျှင် မြန်မာနိုင်ငံ တစ်ဝန်းလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲသွားမည်။ အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်လာမည်။ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်နေပြီး  တွေ့ဆုံဆွေးနွေးရေးကို  အမြဲတံခါး ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် စိန်ရတုပြည်ထောင်စုနေ့ အမီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ရိုးသားစစ်မှန်သည့် စိတ်ရင်းစေတနာဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်းကို ပြည်သူတစ်ရပ်လုံးက မျှော်လင့်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။