တရုတ်က နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်လွှတ်နိုင်သည့် အသံထက်မြန် ဒုံးကျည်တစ်စင်းကို စမ်းသပ်နိုင်

တရုတ်က နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်လွှတ်နိုင်သည့် အသံထက်မြန် ဒုံးကျည်တစ်စင်းကို စမ်းသပ်နိုင်

တရုတ်နိုင်ငံသည် နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်လွှတ်နိုင်သည့် အသံထက်မြန်သော ဒုံးကျည်သစ် တစ်စင်းကို  စမ်းသပ်နိုင်ခဲ့ကြောင်း  FT သတင်းဌာနက  ဖော်ပြသည်။

တရုတ်နိုင်ငံသည် အဆိုပါ အသံထက်မြန် ဒုံးကျည်ကို ယခုနှစ် သြဂုတ်လအတွင်းက  စမ်းသပ်ပစ်လွှတ်ခြင်း ဖြစ်ပြီး   ယင်း ဒုံးကျည်သည် ပတ်လမ်းမှနေ၍ ကမ္ဘာမြေကြီးအား ပတ်ပြီးနောက် ပစ်မှတ်ရှိရာသို့  ဆင်းသက်သွားကြောင်း စမ်းသပ်မှုနှင့် နီးစပ်သည့် အသိုင်းအဝိုင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းဌာနက အောက်တိုဘာ ၁၆ ရက်တွင်ထုတ်ပြန်သည်။  သို့ရာတွင် အဆိုပါ ဒုံးကျည်သည်    ပစ်မှတ်နှင့် လွဲချော်သွားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အဆိုပါအသံထက်မြန် ဒုံးကျည်ကို   Long March ဒုံးပျံကို အသုံးပြု၍ ပစ်လွှတ်ခြင်းဖြစ်သည်။ ယင်းနိုင်ငံသည်    ဒုံးကျည် ပစ်လွှတ်မှုများကို သာမန်အားဖြင့်  ထုတ်ပြန်ကြေညာလေ့ ရှိသော်လည်း ယခုစမ်းသပ် ပစ်ခတ်ခဲ့သည့် အသံထက်မြန် ဒုံးကျည်စမ်းသပ်မှုကို ထုတ်ပြန်ခြင်းမရှိပေ။   ထို့ပြင် တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့သည့် အဆိုပါ ဒုံးကျည်သစ် စမ်းသပ်မှုသည် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းအား  အံ့အားသင့်သွားစေခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက     လုပ်ဆောင်ခဲ့သည့် အသံထက်မြန်သည့် ဒုံးကျည်စမ်းသပ်မှုနှင့် စပ်လျဉ်း၍   အမေရိကန်ပြည်ထောင်စုက တစ်စုံတစ်ရာ မှတ်ချက်မပြုလိုကြောင်း၊သို့သော် တရုတ်နိုင်ငံက  ဖော်ဆောင်နေသည့် စစ်လက်နက် စွမ်းဆောင်ရည် တိုးတက်မှုလုပ်ဆောင်ချက်များသည်   ဒေသတွင်း တင်းမာမှုကိုမြင့်တက်လာစေနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက တုံ့ပြန် ပြောဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် အတူ အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် အနည်းဆုံး ငါးနိုင်ငံက အသံထက်မြန်သည့် ဒုံးကျည် နည်းပညာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။