လားရှိုးမြို့နယ်၊ ထန်ခေါက်ရွာအနီး အသေပစ်ခတ်ဖမ်းဆီးရရှိသူ နှစ်ဦးမှာ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရ

လားရှိုးမြို့နယ်၊ ထန်ခေါက်ရွာအနီး အသေပစ်ခတ်ဖမ်းဆီးရရှိသူ နှစ်ဦးမှာ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရ

နေပြည်တော် ၊  စက်တင်ဘာ - ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဖာလိုင်ကျေးရွာသား နှစ်ဦးအား တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်၍ အလောင်းအား မီးရှို့မြှုပ်နှံသွားခဲ့ကြောင်း လူမှုကွန်ရက်တို့တွင် သတင်းမှားများ ဖော်ပြလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်စပ်သည့် ဖြစ်စဉ်များ စိစစ်ရာ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် လားရှိုး မြို့နယ်၊ ထန်ခေါက်ရွာမှ မြောက်ဘက် မီတာ ၁၀၀၀ ခန့်နေရာတွင် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတစ်ကြောင်း ထိတွေ့ မှုဖြစ်ကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တအခြေပြုခဲ့သည့် နေရာတို့အား သိမ်းပိုက်ရရှိခဲ့ပြီး MNDAA ဝတ်စုံဝတ် အလောင်း ၁ လောင်း၊ အရပ်ဝတ် အလောင်း ၁ လောင်း၊ လက်နက်ငယ် ၁ လက်၊ ကျည် ၂၉ တောင့်၊ ကျည်အိမ် ၂ ခု၊ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့သည့် ဖြစ်စဉ်နှင့် ဆက်စပ်ကြောင်း သိရှိရပါသည်။

         တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား တိုးမြှင့်ပေးထားခဲ့ပြီး ထာ၀ရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသော်လည်း MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် အပစ်အခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့အား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့အတူ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အနေဖြင့် ကျေးရွာများအတွင်း ရွာသားအသွင်ယူကာ လှုပ်ရှားဆောင်ရွက်၍ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားပါက ရွာသားများအဖြစ် ပုံဖော်ကာ တပ်မတော်အား ဂုဏ်သိက္ခာ ကျဆင်းစေရေး သတင်းမှားများ လုပ်ကြံဖန်တီး ထုတ်ပြန်လျက်ရှိကြောင်းနှင့် သတင်းအမှားများနှင့် ပတ်သက်၍ ပြည်သူများ နားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ပါသည်။