အာကာသ နည်းပညာတွင် တစ်ခေတ်ဆန်း လာစေခဲ့သည့် ရုရှား

အာကာသ နည်းပညာတွင် တစ်ခေတ်ဆန်း လာစေခဲ့သည့် ရုရှား

ကမ္ဘာ့ပတ်လမ်းအတွင်းရှိ  နိုင်ငံတကာ အာကာသစခန်းတွင်   ၁၂ ရက်ကြာ နေထိုင်ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် ရုပ်ရှင်ရိုက်ကူးနိုင်ခဲ့သည့် ရုရှားရုပ်ရှင်မင်းသမီးနှင့် ဒါရိုက်တာတို့နှစ်ဦး အောက်တိုဘာ ၁၇ ရက် အစောပိုင်းတွင် ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ရုရှားနိုင်ငံသည် အာကာသ နည်းပညာတွင် တစ်ခေတ်ဆန်းစေခဲ့ပြီ ဖြစ်သည်။ ရုပ်ရှင်မင်းသမီး  ယူလီယာပယ်ရီဆစ်နှင့် ဒါရိုက်တာ ကလင်းရှီပန်ကိုတို့ နှစ်ဦးသည်   နိုင်ငံတကာ အာကာသ စခန်းမှ ကာဇက်စတန်နိုင်ငံသို့  ဂရင်းဝစ် စံတော်ချိန်နံနက်  ၄ နာရီ ၃၆ တွင်ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။  ၎င်းတို့၏ ကမ္ဘာမြေသို့ အပြန်ခရီးကို ရုရှားအာကာသ အေဂျင်စီက  တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။

ယူလီယာနှင့် ကလင်းတို့နှစ်ဦးသည် ၎င်းတို့၏ အပြန်ခရီးတွင်  နိုင်ငံတကာ အာကာသစခန်း၌ ခြောက်လကြာနေထိုင်ခဲ့သည့် အာကာသယာဉ်မှူး အိုလက်နိုဗစ်စကီကိုပါ Soyuz MS-18 အာကာသ ယာဉ်ဖြင့်   ပြန်လည်ခေါ်ဆောင်လာခဲ့ သည်။

အဆိုပါ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သည် နိုင်ငံတကာ အာကာသစခန်းသို့ ကာဇက်စတန်ရှိ  ဘိုင်ကိုနောအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ယခုလအစောပိုင်းတွင် ထွက်ခွာသွားခြင်းဖြစ်ပြီး ၎င်းတို့နှင့် အတူ လာမည့်နှစ်တွင် ထုတ်လွှတ်ရန် စီစဉ်ထားသည့်  The Challenge ဇာတ်ကားအတွက် လိုအပ်သည့် ရှုခင်းများကို ရိုက်ကူးရန် အာကာသ ယာဉ်မှူးဟောင်းတစ်ဦးဖြစ်သူ  အန်တန်ရှက်ကာပလီရော့ကိုပါ ခေါ်ဆောင်သွားသည်။

အကယ်၍သာ ရုရှားနိုင်ငံ အနေဖြင့် ယခုအတိုင်းသာ ဆက်လက် ရိုက်ကူးနိုင်မည်ဆိုပါက အမေရိကန်ပြည်ထောင်စု ဟောလိဝုဒ်က ရိုက်ကူးသည့် Space X ဇာတ်ကားကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

အဆိုပါဇာတ်ကားတွင်    နာမည်ကြီး သရုပ်ဆောင် တွန်ခရုစ် ပါဝင်ထားပြီး ဇာတ်ကားအား နာဆာအဖွဲ့က ပါဝင်ပံ့ပိုးထားသည်။

ရုရှားနိုင်ငံက ထုတ်လုပ်ရိုက်ကူးသည့်  The Challenge ဇာတ်ကားတွင် နိုင်ငံတကာ အာကာသစခန်းရှိ   အာကာသယာဉ်မှူး တစ်ဦးအား ကယ်ဆယ်ရန်အတွက် ခွဲစိတ်ကုဆရာဝန် တစ်ဦးအား  အဆိုပါ အာကာသစခန်းသို့   ပို့ဆောင်ခြင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

အာကာသအတွင်း ရုပ်ရှင်ရိုက်ကူးနိုင်ခဲ့သည့် ကြိုးပမ်းချက်သည် ရုရှားအာကာသ နည်းပညာ ကဏ္ဍအတွင်းသို့ အောင်မြင်မှု တစ်ရပ်အဖြစ် ထည့်သွင်းမည်ဖြစ်သည်။

ရုရှား(ယခင်ဆိုဗီယက် ယူနီယံ)သည် Sputnik  ဟုအမည်ပေးထားသည့် ပထမဆုံးသော ဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်နိုင်ခဲ့သည့်အပြင် Laika  အမည်ရှိ ခွေးတစ်ကောင်အား  ပထမဆုံးအကြိမ်အဖြစ် အာကာသသို့ စေလွှတ်နိုင်ခဲ့သည်။

ထို့ပြင် ယူရီဂါဂါရင်နှင့် ပထမဆုံးသော အမျိုးသမီး အာကာသယာဉ်မှူး ဗလန်တီနာ တယ်ရက်ကိုဗာတို့ကိုလည်း  အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဖြစ်သည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် အာကာသ နည်းပညာနယ်ပယ်တွင်   အမေရိကန် ပြည်ထောင်စု၊ တရုတ်တို့နှင့်ယှဉ်ပြိုင်နေပြီး အာကာသနည်းပညာတွင်   ဆန်းသစ်တီထွင်မှုများ လုပ်ဆောင်ရန်  ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ရုရှားနိုင်ငံက လုပ်ဆောင်ခဲ့သည့်  အာကာသအတွင်း ရုပ်ရှင်ရိုက်ကူးမှု  ကြိုးပမ်းချက်သည် ၂၁ ရာစု အာကာသနည်းပညာ ယှဉ်ပြိုင်မှုတွင် အခြားအင်အားကြီး နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မည့် လုပ်ဆောင်ချက် တစ်ရပ်ဖြစ်လာသည့်အပြင် ရုရှားနိုင်ငံ၏ အာကာသ နည်းပညာသည် တစ်ခေတ်ဆန်းလာပြီဖြစ်သည်။