အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်သူတို့၏ စကားသံများ

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်သူတို့၏ စကားသံများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁၇ ရက်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာထွန်းမင်း

ဒုတိယညွှန်ကြားရေးမှူးချုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး 

ရန်ကုန်တိုင်းဒေသကြီးမှာ အောက် တိုဘာ ၁၇ ရက်ကစပြီး အသက် ၁၂ နှစ် နဲ့အထက် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ တွေကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးတာပါ။ ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းက ကျောင်းသား၊  ကျောင်းသူတွေကို  ထိုးနှံပေးမှာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ကျောင်းတက်တဲ့စာရင်းက အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းမှာ ကျောင်း သား၊ ကျောင်းသူ  ၆၈၀၀၀  ကျော်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးမှာ ဆေးထိုးနှံပေးမယ့်အဖွဲ့က လူဦးရေ ၂၀၀ လောက်ရှိပါတယ်။ သွေးမတိတ်တဲ့ရောဂါနဲ့ ရောဂါပြင်းပြင်းထန်ထန်ရှိတယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့စစ်ဆေးပြီး ခွင့်ပြုမှ ထိုးပေးမှာပါ။ ဆေးမထိုးခင်မှာလည်း အချက်အလက်တွေကို ဖောင်ဖြည့်ရတယ်။ နောက်ပြီး မိဘတွေက ကာကွယ်ဆေးထိုးဖို့ သဘောတူခွင့်ပြုကြောင်း အဲဒီဖောင်ပါဖြည့်ခိုင်းတယ်။ ဖြည့်ခိုင်းပြီး အားလုံးပြည့်စုံမှ ကျွန်တော်တို့က ဆေးထိုးနှံပေးတာပါ။ ဆေးမထိုးခင်မှာ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်တာတွေ စစ်ပေးတယ်။ ဆေးထိုးဖို့မသင့်တဲ့သူပါလာ ရင် ခဏဖယ် ထားတယ်။ ဆေးထိုးပြီးတဲ့ ကလေးတွေကို  နာရီဝက်စောင့်ကြည့်တယ်။ နာရီဝက်စောင့်ကြည့်ပြီး ဘာပြဿနာမှ မရှိဘူးဆိုမှ ကလေး တွေကိုပြန်လွှတ်တာပါ။ ထိုးနှံမယ့်ကာကွယ်ဆေးက Sinovac ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေက သူတို့ကလေးတွေကို ဆေးထိုးဖို့ အတွက် လိုလိုလားလားနဲ့ ခေါ်လာဖို့လိုပါတယ်။ စာသင်ခန်းထဲမှာတော့ ကျွန်တော်တို့က ခုံခြားပြီး ကျောင်းတက်စေတယ်။ ဒါပေမဲ့ မုန့်စားလွှတ်တဲ့အချိန်တို့၊ ကျောင်းဆင်းတဲ့အချိန်တို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိနိုင်လို့  ရောဂါကူးစက်နိုင် ပါတယ်။ အဲဒါကြောင့်  ဆေးထိုးထားရင် ကျောင်းသားအချင်းချင်း ကူးစက်နိုင်တာလည်းလျော့နည်းမှာပါ။

ဒေါ်နှင်းကြည် ဒုတိယညွှန်ကြားရေးမှူးချုပ်

ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး

ကျောင်းတက်ခဲ့တဲ့   ကျောင်းသား၊ ကျောင်းသူပေါင်း ၆၈၀၀၀ ကျော်ရှိတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့   ပူးပေါင်းပြီး ဆေးထိုးနှံပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒီနေ့မနက်ကစပြီး ဆေးထိုးနှံပေးပါတယ်။ ဆေးထိုးနှံတာနဲ့ပတ်သက်ပြီး မိဘတွေရဲ့ သဘောတူညီချက်ရယူပြီးမှ ထိုးနှံပေးတာပါ။ အသက် ၁၂ နှစ်ပြည့်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးတဲ့အခါ  ဆေးရရှိမှုပေါ်မူတည်ပြီး   ထိုးနှံပေးတာပါ။ နောက်ပိုင်းမှာလည်း ဆေးထိုးနှံပေးမယ့်အစီအစဉ်တွေရှိပါတယ်။ မိဘတွေအနေနဲ့  ကာကွယ်ဆေးထိုးနှံပေးတာက ကိုယ့်သားသမီးတွေရဲ့ ကျန်းမာရေးအခြေအနေ လုံခြုံစိတ်ချရတဲ့အတွက် ယုံကြည်စိတ်ချစွာနဲ့ လာရောက်ထိုးနှံပေးစေလိုပါတယ်။ ကျောင်းတွေပိတ်ထားတာကြာပြီဖြစ်တဲ့အတွက်  ကျောင်းတွေ  ပြန်လည်ဖွင့်လှစ်ပြီး  ကလေးတွေရဲ့ပညာသင်တဲ့အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက်  မိဘအားလုံး ပူးပေါင်းပါဝင်ပေးပါလို့   တိုက်တွန်းလိုပါတယ်။

မောင်ဟိန်းထွန်းဇော်

(သတ္တမတန်းကျောင်းသား)

သားနာမည်က ဟိန်းထွန်းဇော်ပါ။ သတ္တမတန်းတက်နေတာပါ။ အိမ်မှာ အဖေရော အမေပါ ကာကွယ်ဆေးထိုးပြီးပါပြီ။ သား တစ်ယောက်ပဲ ဆေးထိုးဖို့ကျန်တော့တာပါ။ ကာကွယ်ဆေးထိုးထားတဲ့သူနဲ့ မထိုး ထားတဲ့သူက မတူပါဘူး။ ဆေးထိုးထား တဲ့သူက ကိုဗစ်-၁၉ ရောဂါဖြစ်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန် မခံစားရဘူးဆိုတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ အခုတော့ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးနှံပေးမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ အခု သားကာကွယ် ဆေးထိုးပြီးပါပြီ။   ဆေးထိုးထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်သလို သူများအတွက်လည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့်  ဆေးထိုးနှံခွင့်ရတဲ့အချိန်မှာ ဆေးထိုးကြပါလို့ ပြောချင်ပါတယ်။

မောင်ဟိန်းထက်ဇေ

(ဒသမတန်းကျောင်းသား)

ကျွန်တော့်နာမည်က ဟိန်းထက်ဇေပါ။ အတန်းက ဒသမတန်းတက်နေတာပါ။ အသက်က ၁၆ နှစ်ရှိပါပြီ။ ကျွန်တော့်ကို ဆေးထိုးနှံပေးဖို့ ဆရာမက အိမ်ကို ဖုန်းဆက်အကြောင်းကြားပါတယ်။ အိမ်ကမိဘတွေကလည်း ဆေးထိုးနှံစေချင်တယ်။ ကျွန်တော်ကလည်း ထိုးနှံချင်တယ်။ ကျောင်းကလည်း ထိုးနှံပေးမယ်ဆိုတော့ ကျွန်တော့်အတွက် အဆင်ပြေသွားတယ်။  ဆေးမထိုးခင်မှာ ကျွန်တော်တို့ စာရင်းတွေပေးရတယ်။ ဆေးထိုးသင့်၊ မသင့် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးကြပါတယ်။ ဆေးမထိုးခင် စိတ်နည်းနည်းလှုပ်ရှားတယ်။ ထိုးပြီးသွားတော့လည်း ဘာမှမဖြစ်ပါဘူး။ ကျောင်းပြန်ဖွင့်ရင် ကျွန်တော်ပြန်တက်မှာပါ။ ကျောင်းမြန်မြန်ပြီးချင်တယ်။  ဒါကြောင့် ကျောင်းပြန်တက်မှာပါ။ ကိုဗစ်-၁၉ ရောဂါကဖြစ်၊ ကျောင်းကမတက်ရ၊ စာမေးပွဲကမဖြေရနဲ့ ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့လည်း နစ်နာတယ်။ မိဘတွေအနေနဲ့လည်း နစ်နာပါတယ်။ ဒါကြောင့် သူငယ်ချင်း ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကာကွယ်ဆေးထိုးနှံကြဖို့ အကြံပြုတိုက်တွန်းပါတယ်။

မချောဆုသွယ်

(ဒသမတန်းကျောင်းသူ)

သမီးနာမည်က မချောဆုသွယ်ဖြစ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာနေထိုင်ပြီးဒသမတန်းမှာ ပညာသင်ကြားနေပါတယ်။ တစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးမယ်ဆိုပြီး သတင်းစာတွေ၊ တီဗွီတွေမှာ ကြေညာတာ တွေ့ရပါတယ်။ ဆရာမကလည်း သမီးတို့ဆီကို ဖုန်းဆက်အကြောင်းကြားလာတယ်။ သမီးကလည်း ကာကွယ်ဆေးထိုးချင်နေတဲ့အတွက် အခါအခွင့် သင့်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လာရောက်ခဲ့တာပါ။

မစိမ်းလဲ့လဲ့ဦး

(နဝမတန်းကျောင်းသူ)

သမီးက အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်း(လှိုင်) နဝမတန်းမှာ ပညာသင်ကြားနေတဲ့ မစိမ်းလဲ့လဲ့ဦးဖြစ်ပါတယ်။ အတန်းပိုင် ဆရာမက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရမယ်လို့ ဖုန်းဆက်တော့ သမီးအရမ်းပျော်သွားတယ်။  ဘာလို့လဲ ဆိုတော့ ကျောင်းတွေပိတ်ထားတာလည်း ကြာနေပြီ။ ပညာသင်ရတာလည်း နောက်ကျနေတယ်။ ဆေးထိုးပြီး ကျောင်းတွေပြန် တက်ရတော့ မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာတယ်။ သူငယ်ချင်းတွေနဲ့လည်း ပြန် တွေ့ရမယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့ စီစဉ်ဆောင်ရွက်ပေးတဲ့  တာဝန်ရှိသူအားလုံးကို  ကျေးဇူးတင်ပါတယ်။

ဒေါ်မြတ်မြတ်ထွဋ်

(ကျောင်းသားမိဘ)

ကျွန်မက ဒေါ်မြတ်မြတ်ထွဋ်ပါ။ ကျွန်မ ရဲ့သမီးက ဒသမတန်းတက်နေတာပါ။ ကျောင်းကနေ အကြောင်းကြားတဲ့အတွက် ပထမ အကြိမ် ဆေးလာရောက်ထိုးနှံတာ ဖြစ်ပါတယ်။ ဆေးမထိုးခင်က ကလေးကို အပြင်နဲ့ထိတွေ့မှာ စိုးရိမ်ခဲ့ရပါတယ်။ ရောဂါကူးစက် မှာကို ကြောက်ရပါတယ်။ အခု ကာကွယ်ဆေးထိုးနှံလိုက်ရတဲ့အတွက် ကလေးအတွက်တော့ အထိုက်အလျောက် စိတ်ချရပြီလို့ ပြောရမှာပါ။ ကာကွယ်ဆေးက   ပထမအကြိမ်ထိုးပြီးရင်  နောက်ထပ် ဒုတိယအကြိမ်လည်း   ထိုးနှံရဦးမှာပါ။ ကလေးတွေအားလုံး    ဆေးထိုးနှံပြီးလို့ ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး သားသမီးတွေ အတွက် စိုးရိမ်ပူပန်မှုက    ကျွန်မနဲ့အတူ    မိဘတိုင်း အတူတူပဲရှိနေကြမှာပါ။ ဒီရောဂါက အိမ်မှာနေတယ်ဆိုရင်တောင်   ကူးစက်နိုင် လို့ စိတ်အေးလက်အေးနေလို့မရပါဘူး။ ဒီလိုအခြေအနေမှာ အခုလို ကျောင်းသား၊ ကျောင်းသူတွေကို   ကာကွယ်ဆေး ထိုးနှံပေးတဲ့ အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

ဝန်းရံခ၊ မောင်မျိုး(ဧရာဝတီ)၊ ခင်မောင်တင်