ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိသည့်ပွဲစဉ်တွင် လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်နှင့် မာနေးတို့ ဂိုးသွင်းယူပြီး စံချိန်ကောင်းများ အသီးသီး ပိုင်ဆိုင်နိုင်

ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိသည့်ပွဲစဉ်တွင် လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်နှင့် မာနေးတို့ ဂိုးသွင်းယူပြီး စံချိန်ကောင်းများ အသီးသီး ပိုင်ဆိုင်နိုင်

ပရီးမီးယားလိဂ်ပွဲစဉ် (၈)အဖြစ်ကစားသည့် ပွဲစဉ်တွင် လီဗာပူးအသင်းက ဝက်ဖို့ဒ်အသင်းကို ၅ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး လီဗာပူး အသင်းအတွက် သွင်းဂိုးများ အသီးသီး သွင်းယူပေးခဲ့ကြသည့် တိုက်စစ်မှူး ဆာလက်ချ်နှင့် မာနေးတို့ အနေဖြင့် စံချိန်ကောင်းများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  မာနေးက  ပွဲချိန် ၉  မိနစ်နှင့် ဆာလက်ချ်က ပွဲချိန် ၅၄ မိနစ်တို့တွင် ဂိုးများ သွင်းယူခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ သွင်းဂိုးများကြောင့် အာဖရိက ကစားသမားများဖြစ်သည့် ၎င်းတို့နှစ်ဦးသည် အသင်းနှင့် စံချိန်ကောင်းများ ရရှိခဲ့ခြင်းဖြစ်သည်။

ဆာလက်ချ်သည် ၂ဝ၁၆ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့   ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ကာ  ဝက်ဖို့ဒ်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင်  ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁ဝ၄ ဂိုးအထိရှိလာခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အာဖရိက ကစားသမားများထဲမှ သွင်းဂိုးအများဆုံး ကစားသမားဖြစ်သော ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း  ဒရော့ဘာ၏ စံချိန်နှင့်တူညီနိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်း သမိုင်းတစ်လျှောက်၂ဝ၁၄ ခုနှစ်က စတာရစ်ချ်က ရှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းနှင့်  ပြိုင်ပွဲစုံ ပွဲဆက်အများဆုံး ဂိုးသွင်းယူနိုင်သည့် ကစားသမားဖြစ်ခဲ့ပြီး  ယခုအခါတွင်လည်း  ဆာလက်ချ်က  ချယ်လ်ဆီး၊  လိဒ်၊ အေစီမီလန်၊ ပဲလေ့စ်၊ ဘရန့်ဖို့ဒ်၊ ပေါ်တို၊ မန်စီးတီး၊ ဝက်ဖို့ဒ်အသင်းတို့နှင့် ပွဲစဉ်များတွင်   ဆက်တိုက်ဂိုးသွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆာလက်ချ်အနေဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်း တစ်လျှောက် အာဖရိက ကစားသမားများတွင် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့်  ဒရော့ဘာနှင့် ၁ဝ၄ ဂိုးစီဖြင့် ပူးတွဲ ရပ်တည်ခဲ့သကဲ့သို့ လာမည့် ပွဲစဉ်တွင်   ထပ်မံဂိုးသွင်းယူနိုင်ပါက   ဒရော့ဘာ၏ စံချိန်ကိုပါ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

အလားတူ မာနေးသည်လည်း ဝက်ဖို့ဒ်အသင်းနှင့် ပွဲစဉ်တွင်  ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်  ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် သွင်းဂိုး ၁ဝဝ ပြည့်မြောက်ခဲ့ပြီး ပရီးမီးယား လိဂ်ပြိုင်ပွဲတွင်  ဒရော့ဘာနှင့် ဆာလက်ချ်တို့နောက်မှ  သွင်းဂိုး ၁ဝဝ ပြည့်မြောက်သည့် တတိယမြောက် အာဖရိက  ကစားသမားအဖြစ်  စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မာနေးသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဆောက်သမ်တန်အသင်း၌ ကစားစဉ်က  ၂၁ ဂိုးသွင်းယူခဲ့ပြီး လီဗာပူးအသင်းနှင့်  ၇၉ ဂိုး စုစုပေါင်းသွင်းဂိုး ၁ဝဝ ပြည့်ခဲ့ပြီး အဆိုပါ သွင်းဂိုးများတွင် ပယ်နယ်တီမှ သွင်းယူခဲ့သည့်ဂိုး တစ်ဂိုးမျှ မရှိခဲ့ကြောင်း သိရသည်။