မြန်မာ့ကော်ဖီကို ကမ္ဘာ့အထူးတန်းဝင် ကော်ဖီအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်နေ

မြန်မာ့ကော်ဖီကို ကမ္ဘာ့အထူးတန်းဝင် ကော်ဖီအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်နေ

မြန်မာ့ကော်ဖီကို ပြည်ပက ဝယ်ယူလိုမှု အခြေအနေတွေနဲ့ ပြည်တွင်းကော်ဖီ ဈေးကွက်၏ အခြေအနေတွေအပြင် ပြည်ပကို တင်ပို့နေသည့် အနေအထားတွေကို သိရှိစေဖို့နဲ့ ဘယ်နိုင်ငံတွေကို တင်ပို့ပေးနေပြီး ပြည်တွင်းကော်ဖီ ထွက်ရှိမှု အခြေအနေ၊ မြန်မာ့ကော်ဖီနဲ့ ပတ်သက်သည့်အခြေအနေတွေကို မြန်မာနိုင်ငံကော်ဖီ အသင်းနာယက ဦးရဲမြင့်နဲ့ တွေ့ဆုံမေးမြန်း ထားသည်များကို မျှဝေပေးလိုက်ရပါတယ်။

မေး။ ။ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကော်ဖီ တင်ပို့မှု ဈေးကွက် အခြေအနေ၊ ကော်ဖီထုတ်လုပ်မှု အပိုင်းအခြေအနေ သိချင်ပါတယ်။

ဖြေ။ ။ကော်ဖီကို လွန်ခဲ့တဲ့ နှစ် ၂ဝ ကတည်းက ပြင်ဦးလွင်ဘက် သစ်တောအရိပ်တွေအောက်မှာ ကော်ဖီစိုက်ရတဲ့အတွက် အဲ့ကတည်းကနေ ကော်ဖီစီမံကိန်းဆိုတာကို စလိုက်တာဖြစ်ပါတယ်။ ရာသီဥတု အခြေအနေနဲ့ ပထမစစိုက်ချိန်က  ဒေါ်လာဈေး  ၃ဝဝ  ကနေ ၁ဝဝဝ ဖြစ်သွားတာတွေ ရှိပါတယ်။ အခက်အခဲ တော်တော်များများ ဖြစ်ကြပါတယ်။ ၂ဝဝဝ ပြည့်နှစ်က ရာသီဥတု တော်တော် ပြင်းထန်တယ်။ ရေလည်းပြတ်သွားတယ်။ ၁၉၉ဝ ပြည့်နှစ်လောက်က စိုက်ခင်းတွေ စဖော်ခဲ့တဲ့သူတွေကတော့ ဒီဒဏ်တွေ တော်တော်ခံခဲ့ရပါတယ်။ ထိုအချိန်ကစ အကောင်အထည်ဖော်တယ်။ ဒါပေမဲ့  ဈေးကွက်က မရှိပြန်ဘူး။ အချို့ခြံတွေက ရေခံမြေခံကောင်းတယ်။ အချို့ခြံတွေက ရေခံမြေခံမကောင်း မြေသြဇာမကောင်းတဲ့ နေရာတွေကတော့ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် ဒီလိုလုပ်ရပါတယ်။ စိုက်ပျိုးရေးကတော့ နှစ်ရှည်လုပ်ငန်း ဖြစ်ပါတယ်။ ရွာငံဘက်မှာတော့ တောင်သူတွေက အိမ်ခြံဝင်းတွေမှာ ကော်ဖီနဲ့အတူ  သြဇာသီးတို့နဲ့  တွဲစိုက်ကြတယ်။ လွန်ခဲ့တဲ့နှစ် ၂ဝ လောက်ကစပြီး အရှိန်ယူလိုက်တာက ၂ဝ၁ဝ ပြည့်နှစ်လောက်မှာ အသင်းအဖွဲ့တွေ မြန်မာနိုင်ငံကော်ဖီ အသင်းတို့ အသင်းတွေကို ၂ဝ၁၁/ ၂ဝ၁၂ လောက်မှာ စလှုပ်ရှားလာကြတဲ့ အချိန်မှာ ဈေးကွက်က တဖြည်းဖြည်း ရလာတယ်။ နိုင်ငံတကာ ပြပွဲတွေသွားတယ်။ ကမ္ဘာမှာ ကော်ဖီဈေးကွက် တဖြည်းဖြည်းရလာတာပါ။  အရင်ဈေးကွက်ဈေးပွဲတွေ သွားရင်လည်း အတွေ့အကြုံကမရှိဘူး။ မိမိတို့ ကော်ဖီပြရမယ့် အတန်းမှာမပြရဘဲ အချို့နေရာတွေမှာ ဆိုင်ခန်းက တလွဲတွေရောက်နေတယ်။ စားသုံးသူတွေကို တိုက်ရိုက်မပေးနိုင်တာ ရှိပါတယ်။ နောက်ပိုင်းမှာ ကော်ဖီပြပွဲ၊ အထူးတန်းဝင် ကော်ဖီပြပွဲ ဒါမျိုးတွေ လုပ်နိုင်တာပါ။  ကော်ဖီဈေးကွက် တဖြည်းဖြည်း တိုးတက်လာတဲ့အချိန် ကမ္ဘာ့ဈေးကွက်မှာလည်း တဖြည်းဖြည်း ရလာတဲ့အတွက် ဒီနှစ်ဆိုလျှင် ဘရာဇီးက အထွက်နှုန်းကျတယ်။ ဒါကြောင့် ကမ္ဘာ့ကော်ဖီဈေးကွက်ကလည်း မြင့်တယ်။ မြင့်တော့ ဒီနှစ်မှာ မြန်မာ နိုင်ငံက  ကော်ဖီတွေ  ကုန်သလောက်ကို ရှိပါတယ်။ ဈေးကွက်အခြေအနေကတော့ ကောင်းပါတယ်။ ကော်ဖီဈေးကွက် တိုးတက်တော့ လုပ်သက်ငယ် တောင်သူတွေလည်း အကျိုးသက်ရောက်မှုရှိတယ်။ လုပ်သက်အလယ်အလတ်ရှိတဲ့ သူတွေလည်းရှိတယ်။ ဒါကြောင့် ကော်ဖီက တိုးချဲ့စိုက်ပျိုးသင့်တယ်လို့  ပဏာမ ပြောကြားလိုပါတယ်။

မေး။ ။မြန်မာနိုင်ငံအတွင်းမှာ ကော်ဖီစိုက်ပျိုးတဲ့ ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲ။ ကော်ဖီစိုက်ပျိုးမှုနဲ့ ထွက်ရှိမှုအခြေအနေကို ဆရာ့အနေနဲ့ ပြည့်ပြည့် စုံစုံလေး ရှင်းပြပေး စေချင်ပါတယ်။

ဖြေ။ ။အရင်ကတော့  ပြင်ဦးလွင် ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေက ကော်ဖီတွေ စိုက်ကြတယ်။ ဈေးကွက်ပျက်တဲ့ အတွက် ကော်ဖီဘက်ကို အားမသန်တော့ဘဲ လုပ်သက်ငယ် တောင်သူတွေနည်းသွားတယ်။ နောင်ချိုနယ် တစ်ဝိုက်မှာတော့ ခုထိရှိသေးတယ်။ လုပ်သက်ငယ် တောင်သူတွေက ရွာငံဘက်မှာ ပိုများတယ်။ မြန်မာနိုင်ငံအနေနဲ့ ကော်ဖီအထွက်နှုန်း များတဲ့ဒေသတွေက ပြင်ဦးလွင်နဲ့ ရွာငံပဲရှိတယ်။ နောက် မိုးကုတ်မှာ

လည်းရှိတယ်။ အားလုံးကတော့ Arabica စိုက်ကြပါတယ်။ ချင်း၊  ရှမ်း(ရှေ့)၊  ရှမ်း(မြောက်)၊  ရှမ်း(တောင်) တွေမှာလည်း ရှိပါတယ်။ ကော်ဖီစိုက်ပျိုးမှုကတော့ စိုက်ဧကတွေ တက်လာပါတယ်။ ယခင်က ဘိန်းစိုက်တဲ့သူတွေရှိတယ်။ သူတို့နဲ့ မြန်မာနိုင်ငံကော်ဖီအသင်းနဲ့ စကားပြောကြည့်တဲ့ အချိန်မှာ သူတို့ကလည်း လူမှုအဖွဲ့အစည်းမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ချင်ကြတယ်။ သူတို့က ဘိန်းစိုက်တဲ့အလုပ်ကို စွန့်လွှတ်ပြီးတော့ ကော်ဖီကို ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာဖြစ်လာပါတယ်။ ဥပဒေကိုလည်း လေးစားလိုက်နာတာ ဖြစ်သလို  လူ့အသိုင်းအဝိုင်းမှာ  ဂုဏ်သိက္ခာရှိရှိ နေချင်တဲ့ ဆန္ဒတွေဖြစ်ပေါ်လာတယ်။   သူတို့ရဲ့ ခံယူချက်ကောင်းတွေ ဖြစ်ပေါ်လာတယ်။  ဒါကြောင့် UN လို အဖွဲ့အစည်းတွေနဲ့ ဘိန်းအစားထိုး ပရောဂျက် တွေ၊  အရင်တုန်းကလည်း ရွာငံဘက်မှာ  FAO  အဖွဲ့အစည်းတွေနဲ့ စိုက်ခဲ့လို့ ကော်ဖီဆိုတာဖြစ်လာတာပါ။ ပလောင်ဒေသတွေမှာလည်း တိုးချဲ့ စိုက်ပျိုးလာတာတွေ ရှိတယ်။ စိုက်ဧကတွေ တက်လာတာနဲ့အတူ နည်းပညာကလည်း INGO အဖွဲ့တွေနဲ့ဌာနဆိုင်ရာ တွေက သင်တန်းတွေပေးတာရှိတယ်။ မြန်မာနိုင်ငံက ထုတ်တဲ့ကော်ဖီက  ကမ္ဘာ့တန်းဝင် ကော်ဖီဖြစ်ပြီး ကမ္ဘာ့အထူးတန်းဝင် ကော်ဖီဖြစ်ပါတယ်။ ကော်ဖီစိုက်နိုင်တဲ့ လမ်းကြောင်းမှာ မြန်မာနိုင်ငံက ပါဝင်ပြီးအထူးတန်းဝင် ထုတ်နိုင်တာ အရင်က အင်ဒိုနီးရှားတစ်ခုပဲရှိပြီး  ယခုမြန်မာကလည်း  အထူးတန်းဝင်ကော်ဖီ ဈေးကွက်မှာ ဝင်လာတာဖြစ်ပါတယ်။ ဝယ်တဲ့သူတွေကလည်း ခြံတွေဆင်းကြည့်ပြီး ကော်ဖီကို မြည်းစမ်း ထားတယ်။ မြန်မာ့ကော်ဖီကလည်း ကမ္ဘာ့အဆင့်မီ ထုတ်လုပ်ထားသောကြောင့်    မြန်မာ့ကော်ဖီကို ကမ္ဘာအရပ်ရပ်က အားပေးကြတယ်။

မေး။ ။မြန်မာ့ကော်ဖီကို ဘယ်နိုင်ငံတွေကို အများဆုံး တင်ပို့မှုရှိပြီးတော့ ခုလက်ရှိမှာရော အဝယ်မှာယူ ထားမှုတွေ ရှိပါသလား။

ဖြေ။ ။ကော်ဖီက မှာယူမှုတွေ ရှိပါတယ်။ ပုံမှန်ဖောက်သည် ရှိနေပြီး ကမ္ဘာ့ကော်ဖီကလည်း ရေနံပြီးရင် ကော်ဖီဈေးကွက်က အကြီးကြီးပါ။ မြန်မာနိုင်ငံက ကော်ဖီစိုက်တဲ့နေရာမှာ ထိုင်းတို့ထက် နှစ်ပေါင်း ၄ဝ လောက်စောတယ်လို့ ပြောလို့ရတယ်။ ယူနန်ကော်ဖီဆိုတာ မြန်မာ့ကော်ဖီက တစ်ဆင့် သွားတာဖြစ်ပါတယ်။ ပတ်ဝန်းကျင် ဒေသမှာ  မြန်မာနိုင်ငံက ကော်ဖီစိုက်တာ စောပြီး အတွေ့အကြုံများတဲ့ နိုင်ငံဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ကော်ဖီမှာ မထူးချွန်ဘူး။ ခုကတော့ နိုင်ငံတော်ကပံ့ပိုးတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကနေ ပံ့ပိုးလာလို့ ဒီအခြေအနေ ရောက်တာပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း မြန်မာ့ကော်ဖီက ဈေးကွက်ပြန့်နေပါပြီ။ အာရှတို့၊ အမေရိကတို့ အကုန်လုံး ပို့နေတာပါ ။

မေး။ ။မြန်မာ့ကော်ဖီကို ပြည်ပမှာ ဈေးကွက်ရရှိဖို့ အတွက် ဘယ်လိုမျိုး ဆောင်ရွက်မှုတွေရှိပြီး ဘယ်လိုပြင်ဆင်မှုမျိုးများနဲ့ ဘာတွေ ပြောင်းလဲသင့်သလဲ ဆိုတာတွေကို ဆရာ့အနေနဲ့ ထင်မြင်ချက်လေးပြောပြပေးပါ။

ဖြေ။ ။မြန်မာနိုင်ငံသားတွေက မြန်မာ့ကော်ဖီ အကြောင်းကို သိဖို့လိုတယ်။ ကော်ဖီက အမှန်အတိုင်းပြောရရင် ပို့တာနဲ့ သွင်းတာနဲ့က သွင်းတာကများပါတယ်။ သွင်းကုန်အတွက် ပေးရတဲ့တန်ဖိုးက အများကြီးပါ။ မြန်မာ့ကော်ဖီကို လူတန်းစားမရွေး သောက်နိုင်အောင် ထုတ်လုပ်မှုအပိုင်းမှာ ကြိုးစားရမှာပါ။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူနဲ့ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူတွေ အပေါ်မှာ တိတိကျကျ ဥပဒေဘောင်အတွင်းက ကာကွယ်စောင့်ရှောက်ပေးဖို့ လိုပါတယ်။ သွင်းအားစု အချို့နေရာတွေမှာ ဖြေလျှော့ပေးဖို့ လိုပါတယ်။ အချို့က ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခြင်း မရှိသေးဘူး၊ ပြည်ပက သွင်းတဲ့အခါမှာ အခက်အခဲရှိတယ်။ ဒီလိုအရာမျိုးမှာ ပြည်ပနိုင်ငံတွေမှာ အသိအမှတ်ပြုထားတဲ့ လက်မှတ်ကိုင်ထားတဲ့ စိုက်ပျိုးရေး မြေသြဇာတွေဆိုရင်တော့ ဘယ်လိုစနစ်တကျ အသုံးပြုခွင့်ပေးနိုင်မလဲပေါ့။ တွေ့ရှိချက်အရ  နယ်စပ်မှာဆိုရင်  ဒီလိုပဲဝယ်နေကြတာပဲ။

အောက်လမ်းကဝင်လာတဲ့ မှောင်ခိုဈေးကွက်တွေ ကဝယ်သုံးကြတယ်။ ဒါတွေကိုမှ ဝယ်မသုံးရင်လည်း ဘေးကျပ်မှုတွေနဲ့ ရင်ဆိုင်ရတယ်။ ဒါတွေကိုပြန်သုံးသပ်ဖို့ လိုမယ်။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း သုံးစွဲသူတွေ ဈေးသက်သက်သာသာနဲ့ သုံးစွဲလို့ရအောင် ဖြေလျှော့ပေးဖို့ လိုပါတယ်။ အချို့စည်းမျဉ်းစည်းကမ်းတွေက ဈေးတက်ဖို့ကိုပဲ ရည်ရွယ်ထားသလို ဖြစ်နေတာပေါ့။ ဒါတွေကိုလည်း လက်တွေ့ဆောင်ရွက်နေသူ၊ ဌာနဆိုင်ရာနဲ့ စေ့စပ်ညှိနှိုင်းပြီး စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။

မေး။ ။မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ကော်ဖီ အမျိုးအစားတွေကရော ဘာတွေဖြစ်မလဲ။ ခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသေးတဲ့ ကာလမှာ မြန်မာ့ကော်ဖီကို ပြည်ပတင်ပို့နေမှုမှာ ဘယ်လို အကျိုးဆက်တွေ ရှိပါသလဲ။

ဖြေ။ ။ကော်ဖီအမျိုးအစားက အကြမ်းဖျင်း မြေနိမ့်ကော်ဖီနဲ့ ကုန်းမြင့်ကော်ဖီပေါ့။ Robusta  နဲ့ Arabica ဖြစ်ပါတယ်။ Arabica  သူကတော့ အမြင့်ဈေးကွက်ကို သွားတယ်။ Robusta   က အနိမ့်ဈေးကွက်ကို သွားတယ်။ ကော်ဖီထုတ်လုပ်တဲ့ သူတွေက Robusta က ဘယ်လောက် Arabica  ဘယ်လောက်ဆိုပြီး သူတို့ရဲ့ဖော်မြူလာနဲ့ ထုတ်လုပ်ကြတာ များပါတယ်။ Arabica ကော်ဖီကိုပဲ သီးသန့်သောက်နိုင်တဲ့သူက နည်းတယ်။ ကော်ဖီကပြည်ပသွင်းကုန် အစားထိုး တိုးချဲ့စိုက်သင့်တဲ့ သီးနှံတစ်ခုဖြစ်တယ်။ သစ်ပင်ကနေ ကော်ဖီခွက်အထိရောက်တဲ့ အထိ အဆင့်ဆင့် လုပ်ကိုင်ဖော်ဆောင်ရာမှာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း မြောက်မြားစွာလည်း ပေးပါတယ်။ မိုးများတဲ့ မြေနိမ့်ဒေသ အောက်မြန်မာနိုင်ငံ တနင်္သာရီဒေသတွေမှာ အကုန်လုံး  Robusta  စိုက်လို့ရတယ်။ ကုန်းမြင့်ဒေသတွေ အားလုံးမှာ Arabica စိုက်လို့ရပါတယ်။   မြန်မာ့ကော်ဖီ ပြည်ပတင်ပို့မှု ခုကာလမှာ ကုန်သေတ္တာရရှိမှုနဲ့ သင်္ဘောဈေးတက် တာကတော့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ အနည်းနဲ့ အများတော့ ရိုက်ခတ်မှုရှိပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ လုပ်ငန်းတွေ အနေနဲ့ကတော့ ငွေထုတ်ငွေသွင်း ကိစ္စတွေ လိုအပ်ပါတယ်။ ကော်ဖီရာသီတွေမှာ ငွေပေးငွေချေ ကိစ္စတွေ အရောင်းအဝယ်ကိစ္စတွေမှာလည်း  အခက်အခဲ အနည်းအများ ရှိကြပါတယ်။ တိုင်းပြည်ရဲ့ ငွေကြေးက ငြိမ်နေမှဖြစ်မှာပါ။ တစ်ကမ္ဘာလုံးမှာ  ငွေကြေးက   မငြိမ်တဲ့အတွက် ရိုက်ခတ်မှုတော့ ရှိပါတယ်။ လုပ်ငန်းလုပ်တဲ့သူ မှန်သမျှကတော့ ငွေကြေးတည်ငြိမ်တာကိုပဲ လိုလားကြပါတယ်။

မေး။ ။ပြည်ပကဝင်လာမယ့်  ကော်ဖီဈေးကွက်နဲ့ ပြည်တွင်းမှာရှိတဲ့ ကော်ဖီဈေးကွက် ဗျူဟာပိုင်း အခင်းအကျင်းကို  ဆရာ့အနေနဲ့ ဘယ်လို အကြံပြုချင်ပါသလဲ။

ဖြေ။ ။ကျွန်တော်တို့ထုတ်နေတဲ့ဟာနဲ့ သွင်းနေတဲ့ဟာက တစ်လိုင်းစီဖြစ်ပါတယ်။ တိုက်ရိုက်တော့ ရိုက်ခတ်မှုမရှိပါဘူး။ အနည်းနဲ့အများတော့ ရှိတာပေါ့။ သွင်းကုန်အစားထိုး လုပ်နိုင်ရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက် သွင်းအားစုတွေက ကျွန်တော်တို့နိုင်ငံက ထုတ်နိုင်နေရမယ်။ စိုက်ပျိုးရေး နိုင်ငံဖြစ်တော့ စိုက်ပျိုးတယ်၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ သွင်းအားစု မှန်သမျှကို ပြည်ပကို အားကိုးနေရတယ်။ အချိုးညီညီ တိုးတက်မှ ကောင်းမှာပါ။ သွင်းအားစုအပိုင်းမှာ ပြည်ပကို အားကိုးနေပြီးတော့ ထုတ်ကုန်တွေ ထွက်လာတယ်။ ဒါတွေအားလုံး သွင်းအားစုမှာ ပြန်ရင်းရတယ်ဆိုရင် ဂျာအေးသူ့အမေရိုက်နေပြီးတော့ ဒီဝဲဂယက်ကနေ ထိုးဖောက်လို့မရပါဘူး။ သွင်းအားစုကတစ်ခု စိုက်ပျိုးတဲ့ အပိုင်းက အရည်အသွေး မကောင်းရင်လည်း ထင်သလောက်ရမှာ မဟုတ်ပါဘူး။   နည်းစနစ်တွေ များများပေးနိုင်မှ ဈေးကောင်းရမှာ ဖြစ်ပါတယ်။မေး။ ။နောက်ဆုံးအနေနဲ့ ကော်ဖီစိုက်ပျိုးသူ၊ ထုတ်လုပ်သူတွေကို လက်ရှိဖြစ်ပေါ်နေတဲ့ ကာလအတွင်း လုပ်ဆောင်သင့်သည် များနဲ့  ဈေးကွက် လိုအပ်ချက်များ စတဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီး အကြံပြုစကား ပြောပြပေးပါ။

ဖြေ။ ။ရိတ်သိမ်းချိန်လွန် နည်းပညာမရှိရင် ဈေးကောင်းရမှာ မဟုတ်ဘူး။ ဈေးကွက်နဲ့ စဉ်ဆက်မပြတ်ဖို့အတွက် သက်ဆိုင်ရာ ပြပွဲတွေမှာလည်း လုပ်ဆောင်ရမှာ ဖြစ်သလို  ဈေးကွက် ချိတ်ဆက်မှုကလည်း  လိုပါတယ်။ သီးနှံတိုင်းမှာ အသင်းအဖွဲ့တွေ အားကောင်းဖို့နဲ့ စိုက်ပျိုးရေးမှာ ပါဝင်ပတ်သက်သူတိုင်းက ချိတ်ဆက်မိဖို့လိုသလို ဝန်ကြီးဌာနတွေကလည်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်နေဖို့ လိုပါတယ်။ သက်ဆိုင်ရာ တောင်သူတွေကို ဌာနဆိုင်ရာ အသီးသီးက ပညာပေး လုပ်ငန်း တွေကို  နည်းစနစ်ကျကျ လုပ်နေမယ်၊   တိုက်ရိုက် ပတ်သက်တဲ့ အသင်းသူ/အသင်းသားတွေရဲ့ နည်း ပညာကောင်းဖို့နဲ့ လိုအပ်ချက်ရှိမှုတွေကို ခေါင်းဆောင်နိုင်တဲ့ သူတွေက ရှေ့တန်းကနေထွက် ခေါင်းဆောင်ပြီး အကုန်လုံး စည်းစည်းလုံးလုံးနဲ့  လုပ်နေမယ်ဆိုရင်တိုးတက်နေမှာ ဖြစ်ပါတယ်။   စိုက်ချင်တာစိုက်မယ် ရောင်းရချင်ရောင်းရ မရောင်းရချင်နေ ဆိုပြီး လုပ်လို့မရတော့ပါဘူး။ ဒီဘက်ခေတ်က ဈေးကွက်လိုအပ် ချက်နဲ့ ဈေးကွက် လိုအပ်ချက်ကို ထုတ်လုပ်နိုင်မှသာလျှင် ရောင်းရမှာဖြစ်ပါတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ လုပ်ရင်တော့ အောင်မြင်မှာ ဖြစ်ပါတယ်။   ။

ဇော်မျိုး(မြဝတီ)