အယ်ဒီတာ့အာဘော် (၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၈  ရက်) ရိုးရာဓလေ့ထုံး ကျင့်သုံးစေရာ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၁၈  ရက်)

ရိုးရာဓလေ့ထုံး ကျင့်သုံးစေရာ

မြန်မာတို့၏ဆိုရိုးစကားတွင် “ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း  မလွယ်နှင့်” ဟူသောစကား ရှိပေသည်။ ဆိုလိုသည်မှာ ရှေးက ဓလေ့ထုံးစံများကိုမပစ်ပယ်ပါနှင့်၊ ပစ်ပယ်လျှင်လွဲမှားတတ်သည်။ ငွေကိုလည်း ချင့်ချိန်၍ သုံးစွဲပါ၊ မချင့်မချိန်သုံးစွဲလျှင် မွဲတတ်သည်ဟူ၍ ဆိုခြင်းဖြစ်သည်။ ဆိုရိုးစကားများသည်ရှေးလူကြီးများစဉ်ဆက် ကျင့်သုံးခဲ့သောအလေ့အထဖြစ်သည်။ မျိုးရိုးစဉ်ဆက်ကျင့်သုံးခဲ့သော မြန်မာတို့၏ ရိုးရာဓလေ့များသည် လိုက်နာနိုင်သူများအတွက် နည်းလမ်းကောင်းများဖြစ်သည်။

မြန်မာတို့၏ ရိုးရာအစဉ်အလာအရ စားသောက်သောအခါ မိသားစုဝိုင်းဖွဲ့ကာ စားသောက်ကြသည်။စားပွဲပေါ်တွင် ထမင်းနှင့်ဟင်းလျာများခူးခပ်ပြီး လူကြီးမိဘများ ထိုင်ပြီးမှ လူငယ်များထိုင်ကြသည်။ လူကြီးမိဘများမစားမီ လူငယ်များစားသုံးခြင်း မပြုကြ။ ဟင်းလျာကိုဦးဦးဖျားဖျားခပ်၍ လူကြီးမိဘပန်းကန်ထဲသို့ ဦးချပြီးမှ ကျန်လူ များစားကြရသည်။ မိဘကိုဦးမချဘဲ စားလေ့မရှိကြပါ။ အင်းဝခေတ် ရှင်မဟာသီလဝံသ ၏ဆုံးမစာတွင် “မိဦး ဘဦး၊ ဆရာဦးကို၊ ခူး၍အလျဉ် မစားနှင့်” ဟု မိန့်ဆိုထားသည်။  ထမင်းလုတ်ကြီးကြီးယူ၍ပလုတ်ပလောင်းစားခြင်း၊ စားနေစဉ်စကားပြောခြင်း၊ အသံမြည်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တံတွေးခပ်ခြင်းတို့မပြုလုပ်ကြပါ။ ထိုသို့ပြုလုပ်မိလျှင် အတူစားသုံးသူများ စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ယဉ်ကျေးမှုကင်းမဲ့ရာလည်းရောက်လေသည်။ မြန်မာတို့သည် စားသောက်ရာတွင် စည်းစနစ်ကျနစွာစားသောက်ကြသည်မဟုတ် အဝတ်အစား ဝတ်ဆင်ရာ၌လည်း စည်းနှင့်ကမ်းနှင့်ဝတ်ဆင်ကြရသည်။ ကာလဒေသကိုလိုက်၍ ဝတ်စားဆင်ယင်မှု ကွဲပြားမှုရှိနိုင်သော်လည်း အခြေခံလိုက်နာကျင့်သုံးသည့် ဓလေ့ထုံးစံများမှာ အတူတူ ပင်ဖြစ်သည်။ ရာသီဥတု သဘာဝပတ်ဝန်းကျင်နှင့်လိုက်ဖက်သော ဣန္ဒြေသိက္ခာကို ထိန်းသိမ်းကြသောအစဉ်အလာမှာလည်း တူညီ ပါသည်။ အင်္ကျီအဝတ်အစား ဝတ်ဆင်ရာတွင် နေရာဌာနကိုအထူးဂရုစိုက်ကြသည်။

အိမ်မှာနေစဉ် အဝတ်အစားအသစ်ကို မဝတ်ဆင်ရန်၊ ညအိပ်ရာဝင်လျှင် အင်္ကျီအသစ် ကိုမဝတ်ဆင်ရန်မိဘများက ငယ်စဉ်ကတည်းက ဆုံးမထားကြသည်။ ဤဆုံးမစကား သည် မြန်မာ့လူ့ဘောင်တွင် အစဉ်အလာ တစ်ရပ်အဖြစ်ရပ်တည်နေပြီး မြန်မာလူမျိုး တို့သည် အိမ်မှာနေစဉ် တစ်ပတ်နွမ်းအဝတ်ကိုသာ ဝတ်ဆင်လေ့ရှိကြသည်။ ကျောင်းသွား၊ ရုံးသွား၊ ဈေးသွား၊ ဘုရားသွားရာတွင်မူ အတော်အသင့်သစ်လွင်သည့် ရိုးရိုး ဝတ်စုံကို ဝတ်ဆင်ကြသည်။ ကျောင်းဆိုလျှင် ကျောင်းဝတ်စုံ၊ ရုံးဆိုလျှင် ရုံးဝတ်စုံ၊ ဈေးဆိုလျှင် ဈေးနှင့် သင့်တော်မည့်ဝတ်စုံ၊ ဘုရားဆိုလျှင် ယဉ်ကျေးမှုနှင့်အညီဖြစ်စေ သော ဝတ်စုံမျိုးကို ဆိုလိုခြင်းဖြစ်သည်။

ဘာသာရေး၊ လူမှုရေးနှင့်ပတ်သက်သော ပွဲလမ်းသဘင်များတက်ရောက်ရာတွင် ပွဲထိုင်ဝတ်စုံကို ဝတ်ဆင်ကြရသည်။ ပွဲထိုင်ဝတ်စုံသည် သစ်လွင်သောဝတ်စုံဖြစ်ခြင်း၊ မြန်မာဝတ်စုံကို ဝတ်စုံပြည့်ဝတ်ဆင်ခြင်း၊ ဆံပင်ကို သပ်ရပ်စွာထုံးဖွဲ့ခြင်းတို့ဖြစ်သည်။ အမျိုးသမီးများသည် ထဘီနှင့်အင်္ကျီလက်ရှည်ဝတ်၍ အခမ်းအနား ပွဲလမ်းသဘင် များတွင် ပဝါ၊ ခြုံထည်၊ တဘက် စသည်ဖြင့် ပခုံးပေါ်သို့တင်၍ သွားလာကြသည်။ အမျိုးသားများမှာမူ ပုဆိုး၊ ရှပ်အင်္ကျီလက်ရှည်၊ တိုက်ပုံ၊ ခေါင်းပေါင်း စသည်ဖြင့် ဝတ်ဆင်၍သွားကြသည်။

မြန်မာတို့၏နေထိုင်မှုဆိုင်ရာရိုးရာဓလေ့များသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ မြန်မာတို့၏ ရိုးရာဓလေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနေတတ်ကြသည်။ ဘိုးဘွား မိဘများကို သားသမီးများက ရိုသေကြသည်။

အထူးသဖြင့် မိဘကျေးဇူးကို မြင်းမိုရ်တောင်ဖြင့်တင်စားကာ ကိုးကွယ်ဆည်း ကပ်ကြသည်။ မိဘများကလည်း သားသမီးများကို အရွယ်ရောက်သည်အထိ စိတ်မချ နိုင်သေးဘဲ အစစအရာရာတွေးတောပူပန်နေတတ်ကြသည်။ ကြက်မကြီးက မိမိရင်သွေး ကြက်ပေါက်စကလေးများကို အန္တရာယ်နှင့်တွေ့မည်စိုး၍ မိမိရင်ခွင်

အောက်တွင် ထားတတ်သကဲ့သို့ဖြစ်သည်။ မိဘ၏ အေးမြသောအရိပ်အောက်တွင် သားသမီးများစုရုံးနေ တတ်သည်။ မြန်မာတို့၏နေထိုင်မှုသည် မြန်မာ့ရိုးရာ ဓလေ့ တစ်ခုဖြစ်သည်။ မိဘများသည် သားသမီးများလိမ္မာရေးခြားရှိစေရန် သွန်သင်ဆုံးမ တတ်သည့်လက်ဦးဆရာများလည်း ဖြစ်သည်။ လက်ဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ဗာစရိယမိနှင့်ဘ ဆိုစကားရှိသလို သားကိုငယ်က၊ မဆုံး မသော်၊ မိဘတစ်လီ၊ ရန်သူမည်၏ ဟူသောအဆိုအမိန့်များလည်း အထင်အရှားရှိသည်။ ဆုံးမသူမိဘက လည်း မိမိသားသမီးစည်းကမ်းဘောင်အတွင်းနေတတ်စေရန် ရည်ရွယ်သကဲ့သို့ ဆုံးမခံရသူ သားသမီးကလည်း ချုပ်ချယ်သည့်သဘော၊ စည်းကမ်းတင်းကျပ်သည့် သဘောမမြင်ဘဲ အမှားမလုပ်မိစေရန် ဆင်ခြင်လိုသော သဘောကိုသာခံယူကြပါသည်။

လူမှုဆက်ဆံရေးတွင် လူငယ်နှင့်လူကြီးဆက်ဆံရေးသည် အဓိကကျသည်။ လူငယ်က လူကြီးကို တစ်စုံတစ်ခုပေးသောအခါ လက်နှစ်ဖက်နှင့်ပေးခြင်း၊ ဦးခေါင်းညွှတ်ခြင်း၊ ရိုသေသောအမူအရာကိုပြခြင်း တို့ဖြင့်ပေးကြသည်။ ထို့အတူ လူကြီးပေးသောပစ္စည်း ယူရာတွင်လည်း ဦးခေါင်းညွှတ်ပြီး လက်နှစ်ဖက်နှင့် ယူကြသည်။ လူကြီးသူမရှေ့ တွင်ထိုင်ခြင်း၊ လမ်းဖြတ်လျှောက်ခြင်းတို့တွင် အထူးဂါရဝထားပြီး ကျစ်လျစ်စွာ နေတတ်ကြသည်။  ချစ်စရာကောင်းသော မြန်မာ့ရိုးရာထုံးဓလေ့အစဉ်အလာများကား စာဖွဲ့၍ မကုန်နိုင်အောင်များပြားလှပေသည်။ အနှစ်ချုပ်ဆိုရလျှင် မြန်မာတို့၏ ရိုးရာဓလေ့ထုံးကျင့်သုံးစေရာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။