လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

မြန်မာနိုင်ငံ၏ ပထမဆုံးတိပိဋကဓမ္မဘဏ္ဍာဂါရိကဆရာတော်ဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်သည် မေတ္တသုတ်ပရိတ်တော်လာ မေတ္တာဘာဝနာ ၁၁ မျိုးကို ရွတ်ဆိုလွယ်စေရန် သံပေါက်ကဗျာဖြင့် ရေးဖွဲ့ပေးထားခဲ့ပါသည်။ လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ၊ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေဟူသော အချက်သုံးချက်ကို ထည့်သွင်းရေးဖွဲ့ပေးသည့်အတွက် လူတိုင်း လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း နားလည်လွယ်ပါသည်။

ယနေ့ကမ္ဘာကြီးတွင် လူသားတို့သည် ဤအချက်သုံးချက်အတိုင်း လိုက်နာကျင့်ကြံနိုင်ကြမည်ဆိုလျှင် ပဋိပက္ခဟူသော အရာသည် ဖြစ်လာမည်မဟုတ်ပေ။ ကြီးနိုင်ငယ်ညှဉ်းပြုမူခြင်းများ ရှိနေသည့် အတွက် ပဋိပက္ခများ ပေါ်ပေါက်နေခြင်းဖြစ်သည်။ မသိနားမလည်သော ကလေးသူငယ်များကို မူးယစ်ဆေးဝါး သုံးစွဲတတ်အောင် စည်းရုံးသိမ်းသွင်းတတ်ကြသည်။

မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားသောအခါ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတို့ ငွေကြေး ပေါကြွယ်ဝသည်။ ထို့အတူ အလုပ်အကိုင်ခက်ခဲကာ ဝမ်းစာအတွက် ရုန်းကန်လှုပ်ရှားနေရသော အမျိုးသမီးငယ်များကို အလုပ်ရမည်ဟူသော မက်လုံးပေးစည်းရုံး၍ လူကုန်ကူးမှုပြုကြသည်။  ပန်းကောင်းအညွန့်ကျိုးသွားရသည့် အမျိုးသမီးကလေးများ ဘဝကလည်း အလွန်ပင်သနားစရာ ကောင်းသည်။ ငွေရရှိရေးအတွက် လူအချင်းချင်းလှည့်ပတ်ကြသည်။ သားသမီးချင်းကိုယ်ချင်း စာနာရ ကောင်းမှန်းမသိကြ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၈) ပုဒ်မ ၃၅၈။ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်ဟူ၍ တိတိကျကျပြဋ္ဌာန်း ထားသည်။ ဥပဒေကိုလည်း အလေးမထား မကြောက်မရွံ့စီးပွားရှာကြသည်မှာ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော သဘောမျိုးဖြစ်နေသည်။ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်ဟူ၍ ပုဒ်မ၃၇၀ တွင်ပြဋ္ဌာန်းထားသည်။ သမ္မာအာဇီဝကျသော စီးပွားရေး လုပ်ငန်းများကို မလုပ်ဆောင်ဘဲ တရားမဝင် လူကုန်ကူးသော လုပ်ငန်းများ လုပ်ဆောင် နေခြင်းမှာ တိုင်းပြည်နှင့်လူမျိုးအတွက် ဂုဏ်သိက္ခာကျဆင်းဖွယ်ရာ လည်းဖြစ်ပေသည်။

နှစ်စဉ် စက်တင်ဘာ ၁၃ ရက်နေ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ လူကုန်ကူးမှုများကို ဖော်ထုတ်ဖမ်းဆီးနေသော်လည်း ပပျောက်သွားခြင်း မျိုးကားမရှိသေးပေ။  ပပျောက်ခြင်း မရှိသေးသည့် အချက်အလက်အချို့ကို လေ့လာကြည့်သောအခါ အလုပ်အကိုင် ရှားပါးခြင်း၊ ဆင်းရဲခြင်းနှင့် စာပေဖတ်ရှုမှု ဗဟုသုတနည်းပါးခြင်းတို့ပါဝင်သည်။ သူများပြော ဟုတ်နိုးနိုးနှင့် သူတစ်ပါးကို ယုံကြည်မှုလွန်ကဲခြင်းကြောင့်လည်း လူကုန်ကူးခံရခြင်းဖြစ်ပေသည်။ စီးပွားရေးကို ဖြတ်လမ်းနည်းဖြင့် ရှာဖွေနေသူများသည်ကား ကျောက်ဆစ်ရုပ်ကိုပင် ခေါင်းညိတ်အောင် ပြောဆိုတတ်ကြသည်။ မည်သည့်အမျိုးသမီး(မိန်းမသား)ကမျှ လူကုန်ကူးခြင်း ခံရမည်ကိုသိလျှင် ဤအလုပ်ကိုလုပ်မည်မဟုတ်ပါ။ လူကုန်ကူးသူတို့က အခြားသော လစာ ကောင်းကောင်း ရမည့်လုပ်ငန်းတစ်ခုခုကို မက်လုံးပေး၍ စည်းရုံးခေါ်ဆောင်သွားရာမှ လူကုန်ကူး ခံကြရခြင်းဖြစ်ပေသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များ လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အသွင်ဖြင့် ဆောင်ရွက်သင့်သည်။ အမျိုးသားရေးဆိုသည်မှာ တိုင်းရင်းသား အားလုံးတို့၏ အကျိုးစီးပွားနှင့် အကျုံးဝင်ပတ်သက်သည့် အရေးကိစ္စများသည် အမျိုးသားရေး ဖြစ်သည်။ အမျိုးကိုစောင့်ရှောက်လိုမှု၊ အမျိုးကို ချီးမြှောက်လိုမှုဟူသော စိတ်ဓာတ်များ ထွန်းကားနေရပေမည်။ မိမိတစ်ဦးတည်း၏ အကျိုးစီးပွားအတွက် မိမိတို့အမျိုးသားများ စိတ်သောက ကြုံတွေ့ရမည့်အဖြစ်မျိုးကို မလုပ်ဆောင်သင့်ပေ။ လူကုန်ကူးခြင်းသည် မိမိတို့၏မျိုးနွယ်ကို ဖျက်ဆီး ပစ်လိုက်သည်နှင့်တူသည်။ မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသူ၊ အတွေးအခေါ်လွဲမှား သူတို့၏လုပ်ရပ် ဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် လူသားတို့၏ လောဘတရားကြီးမား လွှမ်းမိုးမှုကြောင့် ငတ်မွတ်ဘေးကပ် ဆိုက်ရောက်နေသည်။ လူသားတို့၏ ဒေါသတရားကြီးမား လွှမ်းမိုးမှုကြောင့် လက်နက်ဘေး ကပ်ဆိုက်ရောက်နေသည်။ လူသားတို့၏ မောဟတရားကြီးမား လွှမ်းမိုးမှုကြောင့် ရောဂါဘေးကပ် ဆိုက်ရောက်နေသည်။ ကပ်ဆိုက်သည်မှာ ပျက်စီးခြင်းလမ်းကြောင်းဖြစ်သည်။ လူသားတို့ ကိုယ်ကျင့်သီလ ပျက်စီးမှုများလာသောအခါ ပျက်စီးခြင်းကပ်ဘေး သည်လည်း မဖိတ်ခေါ်ဘဲ ရောက်လာလေသည်။

အနှစ်ချုပ်ဆိုရလျှင် မကောင်းသော အသက်မွေးဝမ်းကျောင်းဖြစ်သော လူကုန်ကူးခြင်းသည် လွန်စွာ အကျည်းတန် အရုပ်ဆိုးလွန်းသော အလုပ်ဖြစ်သည်။ အရောင်းအဝယ်၊ အသွယ်သွယ်တွင်၊ လိုဖွယ်ရရန်၊  ဖိုးထိုက်တန်လျှင်၊ မှန်သည်ကိုလိုက်၊ လောဘတိုက်၍၊ လူမိုက်မဆိုရစေနှင့်ဟူသော ရှင်မဟာရဋ္ဌသာရ၏ လက်သစ်တောင်တာဆုံးမစာအတိုင်း လောဘကိုအလိုမလိုက်ဘဲ မှန်ကန် ကောင်းမွန်သော အသက်မွေးမှု ပြုစေချင်ပါသည်။ မသိနားမလည်သောသူများအပေါ် လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။