လမ်းရွေးမှားသွားသူများ

လမ်းရွေးမှားသွားသူများ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသော နိုင်ငံရေး အပြောင်းအလဲသည် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် ဥပဒေအရဖြေရှင်း ဆောင်ရွက်ခြင်း မပြုဘဲ နိုင်ငံတော်အာဏာအား ဆက်လက်ရယူရန် အဓမ္မနည်းဖြင့် ဥပဒေမဲ့ ဆောင်ရွက်ခဲ့မှုများကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အရေးပေါ်ကာလသတ်မှတ် ပြဋ္ဌာန်းထားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သို့ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်အာဏာများ အပ်နှင်းထားသော်လည်း ကျင့်သုံးသည့် နိုင်ငံရေးစနစ်မှာ  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်သာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင် အရပ်ဘက်၊ စစ်ဘက်ပါဝင်မှုမှာ အရပ်ဘက်က ၁ဝ ဦးရှိပြီး တပ်မတော်ဘက်က ၉ ဦးမျှသာရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များအဖြစ် ခန့်ထားသူများမှာလည်း ဒေသအလိုက် လူမျိုးများကို ကိုယ်စားပြုသူများသာ ခန့်ထားခြင်းဖြစ်သည်။ အရေးပေါ်ကာလ သတ်မှတ်ထားချိန်သည် ကြာလှသည်မဟုတ်။ ထိုတိုတောင်းသော ကာလတွင်ပင် လုပ်ဆောင်ရမည့် လုပ်ငန်းများကား များပြားလှသည်။

ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်ပြီး နောက်ဆုံးအဆင့်သည် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဟူ၍ အတိအလင်း ဖော်ပြထားပြီး ဖြစ်သည်။

နိုင်ငံတော်တွင် အရေးပေါ် အခြေအနေကြေညာပြီး နောက်ပိုင်း၌ ဥပဒေအရ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နိုင်သည့် အခြေအနေများ ရှိထားပြီးဖြစ်သည်။ မဲမသမာမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အနေဖြင့် ဥပဒေအရ အရေးယူခံရနိုင်သော်လည်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ အနေဖြင့်ကား ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်မှုသာရှိသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံအတွက် အထွေထွေ ရွေးကောက်ပွဲသည် လွန်စွာအရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်သည်လည်း သမာသမတ်ကျစွာ ဘက်လိုက်မှုကင်းကင်းဖြင့် ဆောင်ရွက်ရသည်။ ပါတီတစ်ခုခု အကျိုးထက် နိုင်ငံနှင့်လူမျိုးအကျိုးကို ရှေးရှုရပေမည်။

ရွေးကောက်ပွဲတွင် ဥပဒေဖြင့် မလျော်ညီဘဲ ဆောင်ရွက်ခဲ့မှုကြောင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ်ပါဝင် ယှဉ်ပြိုင်သူသည် တိုင်းပြည်နှင့် လူမျိုးအကျိုးကို အမှန်တကယ် ရှေးရှုလုပ်ဆောင်မည်ဟု စိတ်ရင်းအမှန်ရှိခဲ့လျှင် လာမည့်ရွေးကောက်ပွဲတွင်တရားမျှတစွာပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြိုးစားသင့်သည်။ ရိုးရိုးသားသား ကြိုးစား၍ ဥပဒေနှင့်အညီ ပြန်လည်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားသူများလည်းရှိပါသည်။ NLD  ပါတီဝင် အများစုအနေဖြင့်မူ ထိုကောင်းသော လမ်းကို မရွေးချယ်ဘဲ အကြမ်းဖက် လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။

အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ မိုင်းခွဲ တိုက်ခိုက်ခြင်းများသည် ဒီမိုကရေစီ စနစ်၏ ဆန့်ကျင်ဘက်သာဖြစ်သည်။ ထိုပါတီ၏ ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စားလှယ် အဟောင်းများသည် အဖျက်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာ၌ မသိနားမလည်သော မျိုးဆက်သစ်ကလေးများကိုပင် မကောင်းသော အကျင့်ဆိုးများ ရိုက်သွင်းပေးလိုက်ကြသည်။ ကောင်းမွန်သော ဒီမိုကရေစီ အလေ့အထကို ဖျက်ဆီးပစ်လိုက်ကြသည်။ အမှန်အတိုင်း ရေးသားရလျှင် NLD ပါတီမှ တရားခံပြေးဇော်ဝေစိုး၊ ရည်မွန်နှင့် အပေါင်းအပါများသည် မြန်မာပြည် ဒီမိုကရေစီရရှိရေး လုပ်ဆောင်နေခြင်းမဟုတ်။ ယင်းတို့၏ မိသားစုများဘဝ ကောင်းစားရေးအတွက် ပြည်ပတွင် အခြေစိုက်နေထိုင်ကာ မြန်မာပြည်ပျက်စီးရေးကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီသည် တည်ရှိနေဆဲဖြစ်သည်။ ရွေးကောက်ပွဲလည်း သတ်မှတ်ကာလ ပြည့်သည်နှင့် ကျင်းပပေးမည်သာ ဖြစ်သည်။ နိုင်ငံတော် အကြီးအကဲအနေဖြင့် မိမိတိုင်းပြည်တွင် ကောင်းမွန်သည့် ဒီမိုကရေစီ အလေ့အကျင့်ကို ရစေချင်၍ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂ဝ၂၁) တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ''NUG နှင့်ဆက်စပ်အဖွဲ့များသည် ဒီမိုကရေစီနည်းအရ နိုင်ငံ၏ တိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းမွန်ရာကောင်းမွန်ကြောင်း တိုက်တွန်း ပြောဆိုနေမှုများ လုံးဝမရှိဘဲ လူသတ်ခြင်း၊ မိုင်းခွဲခြင်းစသည့်အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်သာ တိုက်တွန်းပြောဆို၍ နိုင်ငံပျက်စီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖည်မသွားဘဲ ကာကွယ်ထိန်းသိမ်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း'' အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။ အနှစ်ချုပ်ဆိုရသော် NLD မှ ဖြာထွက်လာသော CRPH, NUG, PDFအဖွဲ့တို့မှာ လမ်းရွေး မှားသွားသူများသာ ဖြစ်ပါကြောင်း။   ။