အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

  ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်ပြီး     သက်ဆိုင်ရာ စုရပ်အသီးသီးရှိ  အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမနေ့ ပထမအကြိမ် ထိုးနှံပေးကြကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်း အသက် ၁၂  နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့အစည်းများ ပါဝင်သည့် ဆေးထိုးအဖွဲ့ ၂၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားရှိကာ သက်ဆိုင်ရာစုရပ် ၂၁နေရာ၌ အောက်တိုဘာ ၁၇ ရက်မှ ၂၄ ရက်အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၂၄ ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ၁၄ဝ၄၄ ဦးတို့အား ထိုးနှံပေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

ယခုထိုးနှံပေးရာတွင် စုစုပေါင်း ဆေးထိုးစုရပ် ကိုးခု၌  ဆေးထိုးအဖွဲ့ ၁၂ ဖွဲ့က အခြေခံပညာကျောင်းပေါင်း  ၂၂ ကျောင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ ၄၁၃၇ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမနေ့ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး  လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။