နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

နေပြည်တော်  အောက်တိုဘာ ၁၈

ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် နစ်နာမှု မရှိစေရန်အတွက် အခြေခံပညာကျောင်းများ   ပြန်လည်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော် အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခုလ  ၁၂ ရက်မှစတင်ပြီး   နိုင်ငံတစ်ဝန်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ဒေသအလိုက် ဆေးထိုးစုရပ်များတွင် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်  ၁၃   နေရာ၌ ကာကွယ်ဆေးများ အသီးသီး ထိုးနှံပေးခဲ့သည်။

အဆိုပါ  ကာကွယ်ဆေးထိုးခြင်းကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများ၊ ပရဟိတအသင်းများမှ စေတနာ့ဝန်ထမ်း လူငယ်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ကာကွယ်ဆေးထိုးစုရပ်များ၏ ပတ်ဝန်းကျင်၌ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။