ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၁၈

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကြီး မြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးသို့ သွားရောက် ကာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် အိမ်နီးချင်း နိုင်ငံများနှင့် ထိစပ်နေကာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော ခရီးစဉ် ဒေသများစွာ တည်ရှိနေကြောင်း၊ နိုင်ငံတကာဖြင့် ထိစပ်နေသော ပြည်နယ်ဖြစ်သည့် အတွက် နိုင်ငံဖြတ်ကျော် ခရီးသွားလုပ်ငန်းများနှင့် နေ့ချင်းပြန်ခရီးစဉ်များ လုပ်ကိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ထားကြရမည် ဖြစ်ကြောင်း၊  ဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသော ကဏ္ဍများတွင် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့သို့ သွားရောက်ကာ Paradise  ဟိုတယ်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး  ဦးခွန်သိန်းမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း    ရှမ်းပြည်နယ်(တောင်ပိုင်း)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညောင်ရွှေမြို့ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဟိုတယ် လုပ်ငန်းရှင်များအား တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အင်းလေးကန်သည်  ဖန်တီးထားသော ကန်မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေကာ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ  လာရောက် လည်ပတ်ရန်အတွက် ကြိုက်နှစ်သက်သော ခရီးစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ သို့သော်  အင်းလေးကန်ကြီး ရေရှည်တည်တံ့ သာယာလှပရေး အတွက် အင်းလေးကန် ရေပြင်ကြီးပေါ်တွင် အမှီသဟဲပြု  နေထိုင်လုပ်ကိုင်နေကြသည့် ဟိုတယ်များ၊ ဒေသခံများ အနေဖြင့် အမှိုက်သရိုက်များ စွန့်ပစ်ခြင်းအပြင် ဗေဒါနှင့် ဒိုက်များကိုပါ အမြဲတမ်း ရှင်းလင်းနေကြရန် လိုအပ်ကြောင်း၊ သဘာဝအရင်းအမြစ်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း ဆောင်ရွက်သွားကြရန်  လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင်  အင်းလေးကန်  ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်းလေးကန်နှင့် ဆက်စပ်နေသော ဟိုတယ်များ သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ဝန်ကြီးဌာန နီလာ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး   ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန   ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးနှင့်  အင်းလေးကန်နှင့် ဆက်စပ်နေသော ဟိုတယ် လုပ်ငန်းရှင်များကOnline   မှတစ်ဆင့် ပါဝင် တက်ရောက်ကြသည်။

အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက  ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အင်းလေးကန်သို့ ပြည်တွင်းခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်နေပြီဖြစ်၍ အင်းလေးရေပြင်နှင့် ဆက်စပ်နေသော ဟိုတယ်၂၇ လုံးမှ လုပ်ငန်းရှင်များ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် တည်ထောင်လုပ်ကိုင် ဆောင်ရွက်နေရသည်နှင့်အညီ မိမိဟိုတယ် ပတ်ဝန်းကျင် ရှင်းလင်းသာယာ လှပစေရေးအတွက် ဟိုတယ်ပတ်ဝန်းကျင်ရှိ ဗေဒါနှင့်ဒိုက်များကို ရှင်းလင်းရန် လိုအပ်ကြောင်း၊ အဆိုပါ ရှင်းလင်းမှုအား ယခုလကုန်အပြီး ရည်မှန်းချက်ထား၍    ရှင်းလင်းရန် လိုအပ်ကြောင်း၊   သို့မှသာ   ဟိုတယ်များ၏ ပုံရိပ်မှာ ပီပြင်ထင်ရှားကာ လာရောက် လည်ပတ်ချင်စရာ ခရီးစဉ်အဖြစ် ကြိုးစားဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။