မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆေးဝါးစိုက်ကွင်းများနှင့် စက်ရုံများကို ကြည့်ရှုစစ်ဆေး၊ တွင်းထွက် စက်မှုကုန်ကြမ်း  လုပ်ကွက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆေးဝါးစိုက်ကွင်းများနှင့် စက်ရုံများကို ကြည့်ရှုစစ်ဆေး၊ တွင်းထွက် စက်မှုကုန်ကြမ်း  လုပ်ကွက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မြန်မာ့ဆေးဝါး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ နှင့်အတူ အောက်တိုဘာ ၁၆ ရက် နံနက် ပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဆေးဝါးကုန်ကြမ်း စိုက်ခင်းများသို့ ရောက်ရှိပြီး ဆေးဝါးကုန်ကြမ်း ပင်မျိုးများ ထိန်းထားနိုင်ရေး စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားကာ ငှက်ဖျားရောဂါ ကုသဆေး ထုတ်လုပ်နိုင်ရန် အာတီမီးစီးယာများ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ပျိုးပင်ခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တွေ့ဆုံပြီး မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာန စက်ရုံများ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှုလုပ်ငန်းများ ပြန်လည် ထူထောင်ရန် အလေးထား ဆောင်ရွက်နေမှု၊ နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများကို ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက PPP ပုံစံ၊ အစိုးရ-ပုဂ္ဂလိက Joint Venture ပုံစံများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေ၊ စက်မှုကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းခြင်း၊ သုတေသနများ ပြုလုပ်ခြင်း၊ စံချိန်စံညွှန်းများ ရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးရေးနှင့် ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်  Regulatory Body အဖြစ် ရပ်တည် ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်းရှိ ထုတ်ကုန်များကို ပြည်တွင်း လိုအပ်ချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဆေးဝါးများ ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးများ GMP Guide Line များနှင့်အညီ ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့်  ဆေးဝါး အမည်သစ်များ ပိုမိုထုတ်လုပ်

နိုင်ရေးအတွက် သုတေသန လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် မှာကြားကာ သွေးကြောသွင်း ဆေးရည်အမျိုးမျိုး ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည့် စက်မှုကုန်ကြမ်း လုပ်ကွက်များနှင့် စပ်လျဉ်းသည့်  ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများအတွက် လိုအပ်သော တွင်းထွက် စက်မှုကုန်ကြမ်းများ ရရှိရေး အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။ထို့ပြင် အစည်းအဝေးသို့ တက်ရောက် လာကြသူများက တွင်းထွက် စက်မှုကုန်ကြမ်း လုပ်ကွက်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့် အချက်များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးများက နိဂုံးချုပ် အမှာစကားများ ပြောကြား ခဲ့ကြကြောင်း သိရသည်။